ဓမ္မိကာရာမ သာသနာ့ရိပ်သာ 2214, HWY, 54.W, chapel Hill, NC, 27516, 8861,USA

ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ




Posted by Picasa

Chapel Hill Burmese Ordination Ceremony Jul 3 2010 3/5

Chapel Hill Burmese Ordination Ceremony Jul 3 2010 4/5

Chapel Hill Burmese Ordination Ceremony Jul 3 2010 2/5

Chapel Hill Burmese Ordination Ceremony Jul 3 2010 1/5

မတူ-ထူးသည့်ခရီးစဉ်(၃)


သီဟိုဠ်သို့ သွားကတည်းက မိမိ၏စိတ်ကူးထဲတွင် မကုဋာရာမမြန်မာကျောင်းတွင် မြန်မာသံဃာတော်များအား ဆွမ်းတစ်နပ်ဆက်ကပ်လှူဒါန်းမည်ဟု ကြံစည်ထားရှိသည်။ သီဟိုဠ်နိုင်ငံတွင် မြန်မာသံဃာတော်တို့ တည်းခိုနေထိုင်ရန် ယခုလက်ရှိ မြန်မာကျောင်း (၃)ကျောင်းရှိသည်။ မြို့တော် ကိုလံဘိုတွင် (၁)ကျောင်း၊ ကန္ဒီမြို့တွင် (၁)ကျောင်းနှင့် အနုရာဓပူရာမြို့တွင် (၁)ကျောင်းတို့ဖြစ်သည်။ ရှေးမြန်မာဆရာတော်ကြီးက ရည်ရွယ်ချက်ကြီးမားစွာဖြင့် ထိုမြန်မာကျောင်းများကို အဓိကမြို့များတွင် တည်ထောင်ခဲ့သည်။ ထိုမြန်မာကျောင်း(၃)ကျောင်းတို့တွင် မြန်မာစာသင်သား ရဟန်းတော်များအတွက် အဓိကကျောင်းတော်ကြီးသည် မကုဋာရာမမြန်မာကျောင်းတော်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မကုဋာရာမမြန်မာကျောင်းတော်ကြီးသည် မြို့တော်ကိုလံဘိုတွင် တည်ရှိသည်က တစ်ကြောင်း၊ မြန်မာစာသင်သားရဟန်းတော်အများစုသည် မြို့တော်ကိုလံဘိုတွင်သာ အဓိကစာသင်ပေသင်ကြားနေကြသည်က တစ်ကြောင်းတို့ကြောင့်ဖြစ်ပါသည်။ သီဟိုဠ်ရောက် မြန်မာရဟန်းတော်စာသင်သားများအစုသည် မကုဋာရာမ မြန်မာကျောင်းတော်ကြီးနှင့် မကင်းကြချေ။ သီဟိုဠ်နိုင်ငံသို့ ပထမဦးဆုံးရောက်လာကြသော မြန်မာရဟန်းတော်များသည် မကုဋာရာမမြန်မာကျောင်းသို့ ဦးတည်သွားကြရသည်။ ထို့နောက်မှသာလျှင် မိမိတို့ အဆင်ပြေနိုင်မည့် သီဟိုဠ်ကျောင်းများ လိုက်လံရှာဖွေ၍လည်းကောင်း၊ အဆောင်များ ငှားရန်း၍လည်းကောင်း မိမိတို့တက်ရောက်မည့် တက္ကသိုလ်နှင် နီးစပ်ရာနေရာများကို ရှာဖွေကြရသည်။ ကိုလံဘိုမြို့ရှိ မြန်မာကျောင်းတွင်ကား အဆောက်အဦးနှင့် အခန်းအခက်အခဲတို့ကြောင့် သံဃာအပါး (၄၀)၀န်းကျင်မျှသာ သီတင်းသုံးနိုင်၏။ သို့သော်လည်း စာပေသင်ကြားရန်ရောက်ရှိလာသော မြန်မာရဟန်းတော်များအတွက် ပထမဦးဆုံးအခြေချရာ မကုဋာရာမမြန်မာကျောင်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်လေသည်။ မြန်မာစာသင်များအတွက် မိခင်ကျောင်းဟု ပြောလျှင်လည်း မှားမည်မထင်ပေ။ အပြင်သီဟိုဠ်ကျောင်းနှင့် အဆောင်ငှားနေကြသော စာသင်သားများသည် အားလပ်သောအချိန်၊ ကျောင်းပိတ်ရက်ရှိသောအချိန်များတွင် မြန်မာကျောင်းသို့ ရောက်လာပြီး အနားယူကြ၊ သူငယ်ချင်းများနှင့် တွေ့ဆုံကြရသည်။
မြန်မာအစားအသောက်များ ဘုဉ်းပေးချင်လျှင်သော်လည်းကောင်း၊ ဆွမ်းကပ်များရှိလျှင်သော်လည်းကောင်း သီဟိုဠ်ကျောင်းတွင်နေကြသော သံဃာတော်များနှင့်အဆောင်များအသီးသီးတွင် သီတင်းသုံးနေကြသော သံဃာတော်များ မကုဋာရာမမြန်မာကျောင်းတော်သို့ လာ၍ ဘုဉ်းပေးကြသည်။ သီဟိုဠ်နိုင်ငံသို့ မြန်မာဒကာ၊ ဒကာမများ ဘုရားဖူးအနေဖြင့် အရောက်အပေါက်နည်း၏။ မရှိသလောက်ပင် ဖြစ်ပေသည်။ သို့သော်လည်း တာဝန်အရ ရောက်ရှိလာသော မြန်မာဒကာ၊ ဒကာများ အနည်းစု ရှိသည်။ သို့အတွက်ကြောင့် သံဃာတော်များ ဘုဉ်းပေးရန် ဆွမ်းဟင်းများကို သံဃာတော်များပင် အလှည့်ကျ ချက်ပြုတ်ရသည်။ ဆွမ်းကျွေး၊ ကွမ်းကျွေးများရှိလျှင်လည်း သံဃာများပင် အလှည့်ကျ ချက်ပြုတ်ရ၏။ တချို့ အဝေးရောက်ဒကာ၊ ဒကာမများက ဆွမ်းကပ်ချင်လျှင် ငွေကြေးများလှူဒါန်းပြီး သံဃာတော်များ အလှည့်ကျပင် ချက်ပြုတ်ကပ်၍ မေတ္တာပို့ အမျှအတမ်း ပေးဝေကြရသည်။ ကိုယ်တိုင်ကိုယ်ကျ လာရောက် ချက်ပြုလှူဒါန်းသော အဖွဲ့ကား နည်းပါးလှချေ၏။ မကုဋာရာမမြန်မာကျောင်းတွင် ဆွမ်းကပ်ရှိလျှင် သံဃာတော်မျာ အချင်းချင်း ဖုန်းဖြင့်လှမ်းအကြောင်းကြားကာ ဆွမ်းကပ်ရှိကြောင်း လှမ်းအကြောင်းကြားကြသည်။ မြန်မာကျောင်းတွင် ဆွမ်းကပ်ရှိသည်ဟု သတင်းကြားလျှင်စာသင်သား သံဃာတော်များ မသိမသာ ပျော်နေမိသည်၊ စိတ်ချမ်းသာနေမိသည်။ မိမိသီဟိုဠ်နိုင်ငံ၌ရှိစဉ်အချိန်တုန်းကလည်း ထို့အတူ ပျော်ခဲ့ရသည်။ သီဟိုဠ်ကျောင်းများတွင် သီတင်းသုံးနေထိုင်သော သံဃာတော်များကား သီဟိုဠ်အစားအသောက်များသာ ဘုဉ်းပေးကြသည့်အတွက် မြန်မာအစားအစာများကို တစ်ခါတစ်လေ မျှော်လင့်မိသည်၊ တမ်းတမိသည်။ မျှော်လင့်တမ်းတသည့်အတိုင်း ဆွမ်းကျွေး၊ ကွမ်းကျွေးများရှိသည်ဟုဆိုလျှင် မြန်မာကျောင်းသို့ ကြွခဲ့ကြသည်။
စာသင်နေကြသောပုဂ္ဂိုလ်များသည် အခက်အခဲများစွာရှိ၏။ ငွေကျေးအခက်အခဲ၊ နေရာအခက်အခဲနှင့် ပတ်ဝန်းကျင်သစ်အခက်အခဲ စသည်စသည်အားဖြင့် အမျိုးမျိုးသော အခက်အခဲကို ကျော်ဖြတ်နေကြရ သည်။ ထိုသို့သောအခက်အခဲများကို စာသင်ခဲ့ဖူးသော၊ စာသင်နေကြသောလူတိုင်း လူတိုင်းကြုံဖူးကြမည်မှာ အမှန်ပင်ဖြစ်၏။ သို့သော်လည်း နိုင်ငံရပ်ခြားတွင် နေထိုင်၍ ပညာသင်နေကြသော ပုဂ္ဂိုလ်များသည်ကား ပို၍အခက်အခဲပေါင်း မြောက်များစွာကို ကျော်ဖြတ်ကြရသည်။ လူပုဂ္ဂိုလ်များသည်လည်း အခက်အခဲများစွာကို ကျော်ဖြတ်နေရသကဲ့သို့ ရဟန်းသံဃာတော်များသည်လည်း အခက်အခဲပေါင်းစုံကို စာသင်နေစဉ်အတောအတွင်း ရင်ဆိုင်ကြရသည်။ ``ဒုက္ခခံနိုင်မှ သုခစံနိုင်မည်´´ဟု မြန်မာဆိုရိုးစကားရှိသည့်အတိုင်းပင် စာသင်သားဘ၀သည် မပြည့်စုံသော ဒုက္ခကို ပို၍ခံစားကြရသည်။ စာသင်နေသောအချိန်တွင် ပြည့်ပြည့်စုံသည်ဟု မရှိနိုင်ပေ၊ အမြဲတမ်း လိုအပ်ချက်ရှိနေမည်ဖြစ်၏။ ဒုက္ခမျိုးစုံကို ရင်ဆိုင်ကြရမည်မှာ အမှန်တကယ်ပင်ဖြစ်၏။ ထိုဒုက္ခများကို ကျော်နိုင်မှသာလျှင် မိမိလိုအပ်သည့် ပန်းတိုင်ကို ရောက်နိုင်မည်ဖြစ်၏။ ဤသည်ကား စာသင်နေသော လူတိုင်းလူတိုင်း၊ ရှင်ရဟန်းတိုင်း၊ ရှင်ရဟန်းတိုင်း တွေ့ကြုံကြရမည်ဖြစ်၏။ သီဟိုဠ်နိုင်ငံ၊ မြန်မာကျောင်းတွင် သီတင်းသုံးနေကြသော သံဃာတော်များသည်ကား စာပေသင်ကြားနေသောကြသော သံဃာတော်များချည်းသာတည်း။ မိမိတို့၏ နီးစပ်ရာ ဒကာ၊ ဒကာများ၏ ထောက်ပံ့မှုဖြင့် စာပေသင်ကြားနေကြသည်။ သူတို့သည်လည်း သူတို့နည်း၊ သူတို့ဟန်နှင့် အခက်အခဲ ကြုံနေကြသည်ကား အမှန်ဖြစ်၏။
မြန်မာကျောင်းတွင် သံဃာတော်များအား ဆွမ်းကပ်ရန် မိမိစိတ်ဆန္ဒရှိသည့်အတိုင်း သူငယ်ချင်းများနှင့်ဆွေးနွေး တိုင်ပင်သည်။ ဆွမ်းကပ်မည့် နေ့ရက်ကို မရွေးရသေးပေ။ အချိန်ရှိသည့်အတွက်ကြောင့် နေ့ရက်ကို အတိအကျ မသတ်မှတ်သေးချေ။ ထိုသို့တိုင်ပင်ဆွေးနွေးပြီး မိမိသည်လည်း သီဟိုဠ်နိုင်ငံ၊ ကိုလံဘိုမြို့တော်တွင် ရောက်သင့်ရောက်ထိုက်သည့် နေရာဟောင်းများသို့သွား၍လည်းကောင်း၊ မိမိနှင့် ခင်မင်ရင်းနှီးသည့် သီဟိုဠ်ကျောင်းများသို့သွား၍လည်းကောင်း မိမိကိုယ်တိုင်ပင် ပျော်နေမိသည်။ ကိုလံဘိုမြို့တော်ကြီးသည်ကား ပြောင်းလဲမှုမရှိသေးချေ၊ မိမိနေစဉ်တုန်းကလည်း ဤသို့ဤပုံပင်ဖြစ်၏။ မြို့တော်ကြီးကို လှည့်ပတ်ရင်း ဂေါဖေးဟုခေါ်သည့် ကမ်းစပ်တစ်နေရာတွင် ထိုင်နေစဉ် အိတ်ထဲမှ ဖုန်းမည်သံကြား၍ ကောက်ကိုင်ကာဆက်လိုက်သည်။ ထိုဖုန်းဆက်သူမှာ မလေးရှားတွင်သီတင်းသုံးနေသည့် သူငယ်ချင်းတစ်ပါးပင်ဖြစ်၏။ သူသည် ဒီရက်အတွင်း သီဟိုဠ်ကိုလာမည့်အကြောင်း၊ လေဆိပ် ဘယ်နေ့ဘယ်ရက်တွင် လာကြိုပါစသည်ဖြင့် ဖုန်းလှမ်းဆက်လိုက်သည်။ မိမိသည်လည်း ``အာမ ဘန္တေ´´ဟု ၀န်ခံကတိပေးပြီး ဆက်လက်၍ ပင်လယ်ငွေ့ကို ရှူရှိုက်ရင်း အပန်းဖြေနေတော့သည်။ မိမိ၏အတွေးစဉ်သည်ကား ``မြန်မာကျောင်းတွင် ဆွမ်းကပ်မည်၊ သူငယ်ချင်းကို လေဆိပ်တွင် သွားကြိုရမည်၊ သူရောက်မှ ဆွမ်းကပ်လျှင်ကောင်းမည်၊ ရက်နေ့ကိုလည်း သူရောက်လာမှ သတ်မှတ်မည် စသည်ဖြင့်´´ပင်လယ်ပြင်ကြီးအတွင်း ရိုက်ခတ်နေသော ရေလှိုင်းနှင့်အတူ မိမိ၏အတွေးစဉ်သည်လည်း မျှောပါနေခဲ့သည်။
ထိုနေ့သည် မလေးရှားက လာမည့်သူငယ်ချင်း ရောက်မည့်နေ့ဖြစ်သည်။ သူငယ်ချင်းဖုန်းဆက်ပြောသည်ကား ည (၉)နာရီလေယာဉ်ဆိုက်မည်ဟု ပြော၍ သူငယ်ချင်းများနှင့်အတူ ကားတစ်စီးငှား၍ ည(၈း၃၀)တွင် လေဆိပ်ဆင်းခဲ့ကြသည်။ လေဆိပ်ရောက်တော့ မလေးရှားမှ လာမည့်လေယာဉ်သည် ည(၉)နာရီတွင် ဆင်းမည့်လေယာဉ်မရှိပေ။ ည(၁၂)နာရီ ဆင်းသက်မည့် လေယာဉ်သာ ရှိ၏။ မလေးရှားသူငယ်ချင်းကို ဖုန်းဆက်ကြည့်တော့ ဖုန်းဆက်၍မရတော့ပေ။ ရောက်ပြီးမှ နောက်ပြန်လှည့်ရန်မလွယ်သောကြောင့် နီးစပ်ရာ လေယာဉ်ကွင်းအနီး သီဟိုဠ်သူငယ်ချင်းတစ်ပါး ကျောင်းထိုင်နေသည့် ကတုနာယကကျောင်းသို့ ၀င်ကာ သူငယ်ချင်းတို့နှင့်အတူ အနားယူရင်း စောင့်ကြရသည်။ ထိုကျောင်းတွင် သီတင်းသုံးနေသော ကျောင်းဘုန်းကြီးကား အသက်ငယ်သေး၏၊ သို့သော်လည်း သဘောကောင်း၏။ သူ့ဆရာကား မိမိနှင့်ရင်းနှီးကျွမ်းဝင်၏။ သူ့ဆရာရှိစဉ်အခါက မိမိသည်လည်း သူတို့ကျောင်းကို ရောက်နေကြဖြစ်သည်။ သူ့ဆရာပျံလွန်တော်မူသည်မှာ တစ်နှစ်ရှိပြီဖြစ်ကြောင်း ပြောပြ၍ မိမိသည်ပင် သူ့ဆရာ မျက်နှာကို ပြန်လည်မြင်ယောင်မိသေးသည်။ မိမိတို့အုပ်စု ကတုနာယကကျောင်းတွင် ထိုင်စောင့်ရင်း စကားပြောလျှက် လေယာဉ်ဆိုက်ရောက်မည့် အချိန်ကို စောင့်နေကြသည်။ ကျောင်းဆောင်အတွင်း နည်းနည်းအိုက်လာသည်ကတစ်ကြောင်း၊ ခြင်ကိုက်သည်က တစ်ကြောင်း ကြောင့် ဗောဓိပင်အောက်သို့သွားကာ ဖျာခင်းလျှက် စကားလက်ဆုံကျနေကြသည်။
စကားလက်ဆုံးကျရာတွင် စပ်မိစပ်ရာပြောနေရင်းနှင့် လူတို့၏ ၀ါသနာ၊ ပတ်ဝန်းကျင်နှင့် လူ့သဘောထားများကို အတော်တော်များများ ဆွေးနွေးဖြစ်ကြသည်။ လူသားများသည် ပတ်ဝန်းကျင်အရေးကြီးကြောင်း၊ ပတ်ဝန်းကျင်၏ သွန်သင်မှုသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ငယ်ငယ်က တွေ့ခဲ့မြင်ခဲ့သော ပတ်ဝန်းကျင်က ဘ၀တစ်လျှောက်လုံး လိုက်ပါနိုင်ကြောင်း စသည်စသည်ဖြင့် ပြောဖြစ်ခဲ့ကြသည်။ သူငယ်ချင်းတစ်ယောက်ကလည်း ``သူ ငယ်ငယ်တုန်းက ဘုန်းကြီးတရား ဟောတာကို အားကျခဲ့ကြောင်း၊ ကိုရင်ဖြစ်လာသောအခါ ကျက်မှတ်ပြီး ပလ္လင်အပေါ်တက်ကာဟောခဲ့ကြောင်း၊ ၀ါသနာပါသည့်အတွက် ရှက်စိတ်၊ ကြောက်စိတ်မရှိကြောင်းစသည်စသည်´´ဖြင့် ပြောပြသည်။
ဤသည်မှာမှန်ပေ၏။ လူတစ်ဦးတစ်ယောက်သည် ပတ်ဝန်းကျင်နှင့်မကင်း နိုင်ကြချေ။ ပတ်ဝန်းကျင်နှင့်နေကြရမည်ဖြစ်၏။ လူလောကတွင် တစ်ဦးတစ်ယောက်တည်း နေ၍မဖြစ်ပေ။ ပတ်ဝန်းကျင်ရှိမှလည်း အသက်ရှင် ရပ်တည်နိုင်ပေသည်။ ထို့ကြောင့်လည်း ပညာရှင်များက ``လူဆိုတာ တစ်ကောင်တည်းနေသော သတ္တ၀ါမဟုတ်´´ဟု ပြောခဲ့ခြင်း ဖြစ်ပေသည်။ ပတ်ဝန်းကျင်ကို မည်သို့မည်ပုံ ဆက်ဆံရမည်၊ ပတ်ဝန်းကျင်ဆီက ကောင်းကွက်ကို မည်သို့မည်ပုံ ရယူရမည်စသည်ကို သဘောပေါက်နားလည်ထားရန် လိုအပ်ပေသည်။
စကားလမ်းကြောင်းက ကောင်းနေသည့်အတွက် နာရီကို သတိမမူမိကြချေ။ ကားသမား အပြင်သို့ထွက် ထမင်းစားပြီး ပြန်လာ၍ သတိပေးမှ နာရီကို ကြည့်လိုက်သောအခါ ည(၁၂)နာရီကျော်နေလေပြီ။ စောစောက စောင့်ရမည့်အချိန် (၃)နာရီရှိသည့်အတွက် မည်သို့မည်ပုံကျော်လွှားရမည်ကို စဉ်းစားမိသေးသည်။ စကားလမ်းကြောင်းဖြောင့်မှ အချိန်က ကုန်မြန်နေသည်။ မိမိတို့လည်း ခပ်သွက်သွက်ကလေး လှုပ်ရှားကာ လေဆိပ်သို့ တဖန်လာခဲ့ကြသည်။ ကျောင်းနှင့်လေဆိပ်နီးသောကြောင့်သာ တော်ပေသေး၏။ မိမိတို့ရောက်သောအခါ လေယာဉ်ကား ဆိုက်ရောက်နေလေပြီ သူငယ်ချင်းကား အပြင်သို့မရောက်သေးချေ။ (၅)မိနစ်ကလေးစောင့်လိုက်ရသေးသည်။ အပြင်သို့ထွက်လာသည့်နှင့် လှမ်းနှုတ်ဆက်၊ ပစ္စည်းပစ္စယများ ၀ိုင်းဝန်းဆွဲကာ ကားပေါ်သို့တင်၍ မကုဋာရာမမြန်မာကျောင်းသို့ ထွက်လာခဲ့ကြတော့သည်။
မလေးရှားမှရောက်လာသည့်သူငယ်ချင်း ရောက်ပြီးနောက်ပိုင်း မိမိသည်လည်း ``ငါ မြန်မာကျောင်းမှာ ဆွမ်းကပ်ဖို့ အစီအစဉ်ရှိတယ်၊ ဘယ်နေ့ဘယ်ရက်ဖြစ်မည်။ နာယကပြောတော့ မေလ-၁၇-ရက်နေ့ကောင်း သည်ဟု ပြောသည်´´စသဖြင့် ပြောပြသောအခါ သူငယ်ချင်းကလည်း´´ ဒါဆို ငါလည်းဝင်စားမည်၊ နှစ်ပါးပေါင်းကပ်မည်´´ဟု ပြောလာသည်။ ထို့နောက် ရက်နေ့ကို မေလ-၁၇-ရက်နေ့ ရွေးလိုက်တော့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် မေလ-၁၇-ရက်နေ့သည် မိမိသီဟိုဠ်မြေသို့ ပထမဦးဆုံး နှင်းသည့်နေ့ဖြစ်နေသည်။ သီဟိုဠ်ရောက် (၃)နှစ်ပြည့်မွေးနေ့ဟု ပြောလျှင်လည်း မမှားနိုင်ပေ။ ထိုဆွမ်းကပ်မည့်နေ့သို့မရောက်ခင် (၂)ရက်အလိုတွင် အတူဆွမ်းကပ်မည့် သူငယ်ချင်းအား မလေးရှားက ဖုန်းလာပြန်သည်။ ဆွမ်းကပ်ရန်အစီအစဉ်ရှိကြောင်း ပြောပြသည့်အတွက်ကြောင့် မလေးရှားတွင် နေထိုင်သည့် ဘုန်းကြီးတစ်ပါးနှင့် ဒကာမိသားစုကလည်း သူတို့လည်း ပါဝင်ချင်ကြောင်း ပြောလာသည့်အတွက် စုပေါင်းကာ ဆွမ်းကပ်ရန် စီစဉ်ကြသည်။
ဆွမ်းကပ်မည့်ရက်မတိုင်ခင် (၁)ရက်အလိုတွင် မိမိတို့ မနက်ပိုင်း ဈေးသွားကြသည်။ ချက်ပြုတ်ကျွမ်းကျင်သည့် သူငယ်ချင်းနှင့်အတူ မိမိတို့ လိုအပ်သည့် ပစ္စည်းပစ္စယများ ၀ယ်ကြသည်။ ဆန်၊ ဆီ၊ ဆေးဆားစသည့်လိုအပ်သည်များ ၀ယ်ယူပြီး ဆွမ်းစားဆောင်၌ ထားလိုက်သည်။ မနက်ဖန် နေ့လည်ဆွမ်းကပ်မည်ဖြစ်သောကြောင့် ယနေ့ ညနေပိုင်းတွင် လုပ်စရာရှိတာများ ၀ိုင်းဝန်းလုပ်ကြရန် သူငယ်ချင်းများကို ပြောထားသည်။ နေခင်းဆွမ်းစားပြီး မိုးရွာချလာသည်။ သီဟိုဠ်မိုးသည်ကား တစ်ခါတစ်လေ ကြောက်စရာကောင်း၏။ မိုးလည်းရွာ၊ လျှပ်စီးလည်းလက်သည်။ မိုးရွာနေလျှင် ကွန်ပျူတာ၊ တီဗွီများ မဖွင့်ရဲကြတော့ချေ။ လျှပ်စီးဝင်၍ ကွန်ပျူတာ၊ တီဗွီများလည်း ပျက်ပေါင်းများနေပြီ။ နေခင်း(၂)နာရီကျော်ဝန်းကျင် မိုးက ပြင်းပြင်းထန်ထန်မရွာသေးပေ၊ တဖွဲဖွဲကျရုံမျှသာရှိသေးသည်။ နီးစပ်ရာ သူငယ်ချင်းတို့ကို လှမ်းပြောကာ ဆွမ်းစားဆောင်ဆီသို့ ထွက်လာခဲ့သည်။ မိမိတို့နောက်ကလည်း တဖွဲဖွဲရွာသော မိုးကဲ့သို့ သူငယ်ချင်းများ ဝေယျာဝေစ္စ ပြုလုပ်ရန် ဆွမ်းစားဆောင်သို့ ရောက်လာခဲ့ကြသည်။ သူ့နေရာနှင်သူ၊ ကျွမ်းကျင်ရာလိမ္မာရာ တာဝန်ယူပြီး လုပ်ဆောင်ကြ၊ ပြင်ဆင်ကြသည်။ စကားပြောကြ၊ ငြင်းကြခုန်ကြ၊ ဆွေးနွေးကြနှင့် ပျော်ပျော်ပါးပါးလုပ်ဆောင်နေစဉ် မိုးက သဲသဲမဲမဲရွာချလာတော့သည်။ အညိုနှင့်ရွာသည့်မိုးနှယ် တစ်ဦးတစ်နှင့် စကားပြောသံတောင် သိပ်မကြားချင်တော့၊ မိုးသဲသည့်ကြားကပင် သူငယ်ချင်း အပါး(၃၀)ကျော်ဝန်းကျင်မျှ ဝေယျာဝေစ္စပြုလုပ်နေကြသည်။ မိမိသည်လည်း သူငယ်ချင်းများကို တစ်ချက်ကြည့်လိုက်၊ ရွာနေသည့်မိုးကို တစ်ချက်ကြည့်လိုက်နှင့် ပီတိဝေဖြာနေသည်။ မနက်ဖန်အဆင်သင့် ချက်ပြုတ်ရန်အတွက် ယနေ့ပြုလုပ်နေခြင်းဖြစ်သည်။ ယနေ့လုပ်ဆောင်ချက်ကို ထူးထူးခြားခြား အားပေးသည်ကား မိုးနတ်မင်းပင်ဖြစ်၏။ မိမိသီဟိုဠ်ရောက်စ မိုးမရွာသေးချေ၊ ထိုနေ့မှစ၍ မိုးအသည်းအသန်ရွာသည်။ ပျော်ပျော်းပါးပါး လုပ်ဆောင်စရာများ ပြုလုပ်ဆောင်ရွက်ပြီး ကိုယ့်နေရာ ကိုယ်ပြန်၍ အနားယူကြသည်။
မိမိသည်လည်း ထိုသို့ သူငယ်ချင်းများ၏ ၀ိုင်းဝန်းကူညီပုံ၊ မိုးသဲသဲရွာသွန်းနေပုံ စသည့်အခြင်းအရာများကို ကြည့်ရင်း ပီတိဖြစ်နေသည်။ တစ်နေ့တာ ဈေးသွားဈေးပြန်နှင့် မနက်ဖန်အတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်၍ ပင်ပန်းခဲ့သည်ကိုပင် ပင်ပန်းမှန်းမသိတော့၊ စိတ်ထဲတွင် ကြည်နူးရိပ်က နေရာယူနေခဲ့သည်။ ဆွမ်းစားဆောင်တွင် ပြင်ဆင်သိမ်းဆည်းစရာများ သိမ်းဆည်းပြီး ရေမိုးချိုး အနားယူရန် အဆောင်အပေါ်သို့ တက်လာခဲ့တော့သည်။ ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီးနောက် မနက်အတွက် မည်သို့မည်ပုံလုပ်ဆောင်မည်စသည်ဖြင့် သူငယ်ချင်းများနှင့် တိုင်ပင်စကားပြောကြသည်။
ထိုနေ့ညတွင်ကား သူငယ်ချင်းသုံးပါး ထိုင်းနိုင်ငံမှ ကြွလာမည်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ချိန်းထားလျှင် လွဲသွားဦးမည်ဖြစ်သည်။ သူတို့ကား သီဟိုဠ်တွင် စာမေးပွဲအပြီး ထိုင်းနိုင်ငံသို့ အလည်အပတ် ခရီးသွားပြီး သီဟိုဠ်သို့ ပြန်ရောက်လာခြင်းဖြစ်သည်။ သူတို့က လေဆိပ်တွင် ည(၁၂)နာရီ လေယာဉ်ဆိုက်မည်၊ လာကြိုပါဟု မှာထားသည့်အတွက် သွားကြိုရဦးမည်။ တိုင်ပင်ဆွေးနွေးအပြီး နာရီကြည့်လိုက်မှ (၁၀)နာရီကျော်နေလေပြီ။ ထို့ကြောင့် သူငယ်ချင်းများကို ပြောပြီး ကားကိုခေါ်ကာ လေဆိပ်သို့ ထွက်လာခဲ့ကြသည်။ လေဆိပ်ရောက်တော့ ခဏကလေးစောင့်လိုက်ရုံဖြင့် သူငယ်ချင်းများ အပြင်သို့ထွက်လာသည်။ ပစ္စည်းပစ္စယများ ၀င်ကူမတင်ပြီး မကုဋသို့ ပြန်လာခဲ့သည်။ ထို့နောက် စကားအနည်းငယ်ပြောပြီး အိပ်စက်အနားယူရန် အိပ်ရာပေါ်တွင်လှဲရင်း အတွေးထဲတွင်ကား မနက်ဖန်ဆွမ်းကပ်မည့်အကြောင်း တွေးရင်း စိတ်ကူးနှင့် ပီတိဖြစ်နေမိသည်။ အတွေးစဉ်တန်းမျှောပါရင်း အဘယ်အချိန် အိပ်ပျော်သွားမှန်းမသိ အိပ်ပျော်သွားလေသည်။
မနက်အိပ်ရာနိုးတော့ ရာသီဥတုက နည်းနည်းကောင်းနေသည်။ ကောင်းကင် အပေါ်ကြည့်လိုက်တော့ အပြာရောင်ကောင်ကင်ကြီးကို တိမ်များ မဖုံးလွှမ်းသေးပေ။ မိမိတို့၏ ဒါနကို အားပေးနေသကဲ့သို့ ထင်ရသည်။ ထို့နောက် အာရုံဆွမ်းစားပြီး ဆွမ်းချက်ဆောင်တွင် ဆွမ်းဟင်းချက်ပြုတ်ရန် နေရာယူလိုက်သည်။ မိမိ ဆွမ်းချက်ဆောင်ကို ရောက်သည်ဆိုရင်ဖြင့် သူငယ်ချင်းများကလည်း တဖြုတ်ဖြုတ်ရောက်လာကြသည်။ ထို့ကြောင့် ထိုင်းမှရောက်လာသည့် သူငယ်ချင်းတွင် ပါလာသည့် ကြက်မောက်သီးနှင့် အနီးအနား ဆိုင်တစ်ဆိုင်တွင် ပလတာနှင့် ၀ါဒေးဝယ်ကာ ဝေယျာဝေစ္စကူညီရန် ကြွရောက်လာသည့် သူငယ်ချင်းများ သုံးဆောင်နိုင်ရန် မြင်သာသည့်စားပွဲ တစ်နေရာတွင် တင်ထားလိုက်သည်။ ထို့နောက် အားလုံးဝိုင်းဝန်းကာ လုပ်ဆောင်စရာရှိသည်များကို ကျွမ်းကျင်ရာ လိမ္မာရာ လုပ်ဆောင်ကြသည်။ မနက် ရာသီဥတုသာယာခြင်းက သိပ်မကြာလိုက်ပေ၊ ဆွမ်းချက်ဆောင်တွင် ပြင်ဆင်သည်ဆိုရင်ဖြင့် မနက်(၈)နာရီဝန်းကျင်တွင် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်လွှမ်းခြုံကာ မိုးကား သဲသဲမဲမဲ ရွာသွန်းပါတော့သည်။ အငြိုးနှင့်ရွာသည့်မိုးနှယ် သည်းထန်လွန်း၏။ ဆွမ်းချက်ဆောင်အပြင်ဘက်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေ၏။ အပြင်သို့ ၀ယ်စရာရှိသည်များ ၀ယ်ရန်ပင် အခက်အခဲတွေ့နေ၏။ ၀ယ်စရာများကား ကျန်နေသေး၏။ မိုးကား မစဲသေးချေ၊ ထို့ကြောင့် သူငယ်ချင်းကို အကူအညီတောင်းပြီး မိုးမစဲသော်လည်း အပြင်ကို သရီးဝီးနှင့်သွားကာ ၀ယ်ခိုင်းရသည်။ ပြန်လာတော့ တစ်ကိုယ်လုံး စိုရွှဲနေသည်။ ဆွမ်းချက်ဆောင်အတွင်းကို ကြည့်ပြန်တော့ ဟင်းချက်သူချက်၊ ဟင်းသီးဟင်းရွက်သင်သူကသင်၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်သူကရိုက်၊ ပုဂံထုတ်သူကထုတ်နှင့် စားပွဲခင်းသူကခင်း အားလုံးအကွက်စေ့လုပ်ဆောင်နေကြသည်။ ထိုမြင်ကွင်းများသည်ကား မိမိကို ကြည်နူးဝမ်းသာစေသည်၊ ပီတိဖြစ်စေသည်။ အားလုံးချက်ပြုတ်ပြီးသောအခါ (၁၁)နာရီဝန်းကျင်ရှိနေလေပြီ။ မကြာမီ အုံးမောင်းခေါက်လျှင် သံဃာတော်များ ကြွလာတော့မည်။ သို့အတွက်ကြောင့် ဆွမ်းဟင်းများ စားပွဲအပေါ်တွင် ခင်းကျင်းပြင်ဆင်ကြတော့သည်။ ဝေယျာဝေစ္စပြုလုပ်သူများသည့်အတွက် သိပ်မကြာလိုက်ပေ၊ (၁၅)မိနစ်ဆိုရင်ဖြင့် အကုန်လုံး ခင်းကျင်းပြီးသွားသည်။ ထို့နောက် အုံးမောင်းခေါက်ကာ သံဃာတော်များကို ပင့်လိုက်သည်။
သံဃာတော်များကြွလာပြီး တာဝန်ရှိပုဂ္ဂိုလ်က အလှူရှင်များ အန္တရာယ်ကင်းဘေးရှင်းရန် မေတ္တာရှေ့ထား၍ မေတ္တာသုတ်ရွတ်ဖတ်ရန် လျှောက်ထားကာ ကြွရောက်လာသော သံဃာတော်အပါး(၁၀၀)ကျော်က မေတ္တာသုတ်ရွတ်ဖတ်ကြသည်။ မိမိသည်လည်း မေတ္တာသုတ်ရွတ်ဆိုရင်း ၀မ်းသာပီတိဖြစ်ကာ ကြက်သီးမွှေးညှင်းများပင် ထလာသည်။ ရွတ်ဖတ်ပြီးနောက် ဆွမ်းဘုဉ်းပေးကြသည်။ ဝေယျာဝေစ္စပြုလုပ်ဆောင်ရွက်သောသူများကား မဘုဉ်းပေးကြသေးချေ၊ ဘုဉ်းပေးနေသော သံဃာတော်များ၏ လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန် ဘေးပတ်ဝန်းကျင်မှ လိုက်လံကြည့်ရှုနေကြသည်။ ဟင်းလိုလျှင်ဟင်း၊ ဆွမ်းလိုလျှင်ဆွမ်း လိုလေသေးမရှိ၊ အကွက်စေ့စွာ ဖြည့်ဆည်းပေးနေသည်။ မိမိသည်လည်း သံဃာတော်များ၏ လိုအပ်ချက်များကို ဖြည့်ဆည့်ပေးနိုင်ရန် ဆွမ်းဝိုင်းများအကြား လိုက်လံကြည့်ရှုနေသည်။ ထိုကဲ့သို့ သံဃာတော်များ၏ ဆွမ်းဘုဉ်းပေးနေသောမြင်ကွင်း၊ ဝေယျာဝေစ္စပြုလုပ်နေကြသော သံဃာတော်များ၏မြင်ကွင်းများကို ကြည့်ရင်း ပီတိဖြစ်နေသည်။ ဆွမ်းချက်ဆောင်နောက်ဘက်ကို ကြည့်ပြန်တော့ ဟင်းခွက်ပုဂံများဆေးကျောရန် ဝေယျာဝေစ္စပြုလုပ်သူတွေကလည်း အဆင်သင့်ပင်ဖြစ်သည်။ ဝေယျာဝေစ္စပြုလုပ်သည့် သံဃာတော်များသည်လည်း အကွက်စေ့ပင်ဖြစ်၏။ ပြောစရာမလိုပေ။ သူ့အသိနှင့်သူ ကိုယ့်တာဝန်ကိုယ်ယူလျှက် ဆောင်ရွက်နေကြသည်။ ကုသိုလ်ယူနေကြသည်။ သံဃာတော်များဆွမ်းဘုဉ်းပေးပြီးမှ မိမိနှင့်တကွ ဝေယျာဝေစ္စပြုလုပ်ကြသူအားလုံး သိမ်းဆည်း၊ ပြင်ဆင်၊ ဆေးကျောသုတ်သင် အကုန်ပြီးစီးမှ ဘုဉ်းပေးကြသည်။
ဤသည်ကား သီဟိုဠ်နိုင်ငံ၊ မကုဋာရာမမြန်မာကျောင်း၌ မြန်မာစာသင်သားသံဃာတော်များအား ဆွမ်းအလှူဒါနပြုခဲ့သော မြင်ကွင်းပင်ဖြစ်၏။ ထိုမြင်ကွင်းသည် မိမိအတွက် ပီတိဖြစ်စရာ၊ ကြည်နူးစရာ၊ တစ်သက်မမေ့နိုင်စရာ မြင်ကွင်းပင်ဖြစ်၏။ မိမိနှင့်တကွ ဆွမ်းအလှူဒါန အတူပြုသော သူငယ်ချင်းသည်လည်း မိမိနှင့်ထပ်တူ ၀မ်းသာပီတိဖြစ်နေမည် အမှန်ပင်ဖြစ်သည်။ သီဟိုဠ်သို့ အလည်တစ်ခေါက်သွားသည့် အကျိုးရလာဘ်ဟု ဆိုလျှင်လည်း မှားမည်မထင်ပေ။ ၀ိုင်းဝန်းကူညီပေးကြသည့် သူငယ်ချင်းများသည်လည်း ပီတိဖြစ်နေကြမည်ဖြစ်သည်။ သူငယ်ချင်းများကလည်း တာဝန်ကျေပွန်ကြ၏။ လိုလေသေးမရှိပင် ကူညီဆောင်ရွက်ပေးကြသည်။ ထိုကြောင့် အားလုံးသော ၀ိုင်းဝန်းကူညီပေးကြသည့် သူငယ်ချင်းအပေါင်းအသင်းအား ကျေးဇူးအထူးတင်မိပါသည်။
သားရွှေ










မတူ-ထူးသည့်ခရီးစဉ်(၂)



သီဟိုဠ်နိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံတစ်ခုဖြစ်၏။ နိုင်ငံသားအများစုသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြ၏။ သူတို့ယုံကြည်ကိုးကွယ်မှုနှင့် မြန်မာတို့၏ ယုံကြည်ကိုးကွယ်မှုသည် တူညီမှုရှိ၏။ သို့သော်လည်း ရိုးရာဓလေ့ထုံးစံအရ အနည်းအကျဉ်း ကွဲပြားခြားနားမှုလည်း ရှိပါသည်။ ဤသည်ကား ပဓာန မဟုတ်ချေ၊ ယုံကြည်ချက်တူမှုသည်သာ အဓိကကျပေ၏။
မိမိသည်လည်း သီဟိုဠ်နိုင်ငံသို့ ရောက်ပြီး မကုဋာရာမမြန်မာကျောင်းတော်ကြီးတွင် သီတင်းသုံးပါသည်။ သူငယ်ချင်းအပေါင်းအသင်းများလည်း လိုလေသေးမရှိအောင် ဧည့်ဝတ်ကျေပွန်ကြ၏။ သူငယ်ချင်းများနှင့် ရှေးဟောင်းနှောင်းဖြစ်များပြောဆိုဆွေးနွေးကြရင်း သီဟိုဠ်နိုင်ငံတွင် ပျော်မှန်းမသိ ပျော်နေမိသည်။ မြန်မာကျောင်းရောက်ပြီး ၂-ရက်မြောက်နေ့တွင် မိမိသီဟိုဠ်တွင် နေခဲ့စဉ်က သီတင်းသုံးခဲ့သည့် မိမိတို့၏ ကျေးဇူးရှင်းသီဟိုဠ်ကျောင်း၊ အမည်အားဖြင့် တပေါဝနပုရာဏမဟာဝိဟာရယကျောင်းသို့ သူငယ်ချင်းတစ်ပါးနှင်အတူ အလည်သွားသည်။ ကျောင်းရောက်တော့ လက်ရှိကျောင်းထိုင်ဘုန်းကြီးနှင့်တကွ အတူနေခဲ့သည် ဘင်္ဂလားဒေးရှ်က ကိုရင်၊ နောက်အသစ်ရောက်လာသည့် သီဟိုဠ်ဦးဇင်းတစ်ပါးနှင့် ကိုရင်တစ်ပါးလည်း ရှိသည်။ သူတို့ကလည်း အပြုံးကိုယ်စီဖြင့် ကြိုဆိုသည့်အတွက် ၀မ်းသာမိသည်။ လက်ရှိထိုကျောင်း၏ လောကုဟမူးသရူး(ကျောင်းထိုင်ဘုန်းကြီး)သည်ကား မိမိသီဟိုဠ်မှာ နေခဲ့စဉ်တုန်းက ဤကျောင်းတွင် မဟုတ်ချေ၊ တခြားကျောင်းတစ်ကျောင်း၏ ကျောင်းထိုင်(လောကုဟမူးသရူး)ဖြစ်၏။ သို့သော်လည်း ပျံလွန်တော်မူသွားသည့် ဆရာတော်၏ တပည့်အရင်းတစ်ပါးပင်ဖြစ်သည်။
မိမိကျောင်းသို့အလည်သွားသောနေ့သည် တနင်္ဂနွေနေ့ဖြစ်၏။ တနင်္ဂနွေနေ့ဖြစ်သည့်အတွက် ကျောင်းတွင် Sunday school ရှိသည်။ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ခန့်မျှ ဗုဒ္ဓစာပေသင်ကြားနေကြ၏။ Sunday school ဟူသည် ဗုဒ္ဓစာပေများကို သင်ကြားပေးသည့် ဓမ္မ shoolဖြစ်ပါသည်။ တစ်ပါတ်တွင် တနင်္ဂနွေနေ့တစ်ရက်ရှိ၏။ ဤသည်မှာ သီဟိုဠ်နိုင်ငံ၏ ဗုဒ္ဓဘာသာကို ဆက်လက်ထိန်းသိမ်းနည်း တစ်နည်းပင်ဖြစ်ပါသည်။ မိမိကျောင်းသို့ရောက်သွားသောအခါ ကျောင်းထိုင်ဘုန်းကြီးက မအားသည့်ကြားက ရောက်လာပြီးနှုတ်ဆက်၊ အခန်းသော့ပေး၊ စကားအနည်းငယ်ပြောဆိုပြီး ဆက်လက်စာပေသင်ကြားပေးရန် စာသင်ခန်းသို့ပြန်သွားသည်။ ကျောင်းရှိသံဃာများ အားလုံးနှုတ်ဆက်ပြီး မိမိသည်လည်း ကိုယ့်ကျောင်းကိုယ့်နေရာကဲ့သို့ လွတ်လွတ်လပ်လပ် နေလိုက်သည်။ ထို့နောက် ကျောင်းပတ်ဝန်းကျင်၊ ကျောင်းသူ၊ ကျောင်းသူများ စာသင်နေပုံ၊ ကျောင်းနောက်ဘက်ခြမ်းက ကွင်းပြင်နှင့်တကွ အားလုံးအသေးစိတ်လိုက်ကြည့်ပြီး စိတ်ချမ်းသာနေမိသည်။
မိမိနေခဲ့စဉ်က ပုံစံနှင့် ယနေ့ပုံစံကား ကျောင်းဝင်းအတွင်း၊ ကျောင်းပတ်ဝန်းကျင်အတွင် ပြောင်းလဲမှုသိပ်မရှိပေ။ ပြောင်းလဲသည်က ကျောင်းထိုင်ဘုန်းကြီး ပြောင်းခြင်းပင်ဖြစ်၏။ ကျောင်းနောက်ဘက်ခြမ်းက စိုက်ခင်းစိုက်နေကြသည့် လူများလည်း အရင်အတိုင်းပင်ဖြစ်၏။ မိမိကို မြင်လိုက်တော့ သူတို့ ``ဟ… မတွေ့တာကြာပါလား၊ ဘယ်များရောက်နေလဲ၊ သတိရနေတယ်´´စသည်ဖြင့် စကားလှမ်းပြောကြသည်။ မိမိကလည်း အရင်က ရင်းနှီးသည့်အတိုင်းပင် စကားအပြန်အလှန်ပြောဆိုရင်း ခဏထိုင်လိုက်သေးသည်။ ထို့နောက် ဓာတ်ပုံများ အမှတ်တရရိုက်ကြ၏။ ကျောင်းပတ်ဝန်းကျင်တစ်ခုလုံး အရင်အတိုင်း စိမ်းစိုမှုအပြည့်ပင် ရှိနေသေး၏။ ကျောင်း၏တောင်ဘက် ကဇွန်းခင်းသည်လည်း အရင်အတိုင်း စိမ်းစိုလျှက်ပင်။ သီဟိုဠ်နေခဲ့စဉ်တုန်းကလည်း ကျောင်း၏ဧရိယာကို ၀င်လိုက်သည်နှင့် ကိုယ့်ကျောင်း၊ ကိုယ့်နေရာဒေသကဲ့သို့ ခံစားခဲ့ရသည်။ ယနေ့ အလည်တစ်ခေါက် ပြန်သွားချိန်မှာလည်း ထို့ကဲ့သို့ ခံစားမှုမျိုး ရင်ထဲ အပြည့်ရှိနေပြန်၏။ ကျောင်းပတ်ဝန်းကျင် လိုက်ပြီးကြည့်ရှုနေစဉ် ဧည့်သည်လာသည်ဟု လာပြောသည့်အတွက် အခန်းသို့ပြန်လာခဲ့သည်။
ဧည့်သည်သည်ကား အခြားမဟုတ်ပေ၊ မိမိ၏ကျေးဇူးရှင်၊ ဆွမ်းထမင်းရှင်များဖြစ်သည့် သီဟိုဠ်နိုင်ငံ၊ ဤရွာသားအချို့ဖြစ်၏။ မိမိရောက်လာသည်ဟု သတင်းကြား၍ လာကြဟန်ရှိသည်။ သူတို့သည်လည်း မတွေ့ရသည်မှာ တစ်နှစ်ကြာပြီဖြစ်၍ သတိရကြောင်း၊ သာကြောင်းမာကြောင်းစသည်ဖြင့် ပြောဆိုကြသည်။ သူတို့၏အပြုံးများက အမြဲတမ်းချိုမြနေသည်။ မိမိသည်လည်း ပါလာသည့် မြန်မာပုဆိုးများကို ရောက်လာသော ဒကာများအား လှူဒါန်းလိုက်သည်။ ရှေးဟောင်းနှောင်းဖြစ် စကားပြောရင်း ကြည်နူးခဲ့ရသည်။ သူတို့လည်း ၀မ်းသာနေသကဲ့သို့ မိမိသည်လည်း အတိုင်းမသိပင် ၀မ်းသာခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် မိမိသည် (၂)နှစ်နေခဲ့၏။ ကျောင်းဝန်းကျင်ရှိ ဤရွာ၏ ဒကာ၊ ဒကာများနှင့် အတော်များများရင်းနှီး၏။ သူတို့လည်းခင်မင်သကဲ့သို့ စာရေးသူလည်း သူတို့ကို တန်ဖိုးထားသည်။ ဤရွာမှာနေစဉ် မိမိအတွက် မည်သည့်အခက်အခဲမျှ မရှိပေ။ ဒကာ၊ ဒကာမများသည်လည်း တာဝန်ကျေပွန်ကြ၏၊ လိုလေသေးမရှိပင် ပြုစုကြ၏။ ထိုကြောင့်လည်း မိမိသည် အသက်ကြီးလူကြီးပိုင်းများအား မြန်မာပုဆိုးများ လက်ဆောင်ပေးလှူဒါန်းရန် စိတ်ဆုံးဖြတ်ခြင်းဖြစ်၏။ သူတို့နှင့်စကားပြောရင်း အချိန်ကြာမှန်းမသိ ကြာသွားလေတော့သည်။ နာရီကိုကြည့်လိုက်သောအခါ နံနက်(၁၁)ကျော်နေပြီ။ ဆွမ်းစားချိန်ရောက်နေပြီဖြစ်သောကြောင့် ဧည့်သည်များပြန်သွားကြလေသည်။ မိမိသည်လည်း ရေမိုးချိုးပြီး ဆွမ်းစားရန် ဆွမ်းစားကျောင်းသို့ သွားလေသည်။
သီဟိုဠ်မြေကို ပြန်နင်းပြီး သီဟိုဠ်ဆွမ်းထမင်းဟင်းကို ပြန်စားရသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ မိမိသည် သီဟိုဠ်ဆွမ်းထမင်းဟင်းများ ကြိုက်၏။ မိမိအတွက် သီဟိုဠ်အစားအစာကို စားရသည်မှာ အခက်အခဲ မရှိပေ။ သီဟိုဠ်နေခဲ့စဉ် (၂)နှစ်လုံးနီးပါး သီဟိုဠ်အစားအစာများပင် ဘုဉ်းပေးခဲ့သည်။ ဆွမ်းထမင်းဟင်းကို တစ်ချက်ကြည့်လိုက်၊ ဆွမ်းစားကျောင်းလေးကို တစ်ချက်ကြည့်လိုက်၊ ဆရာတော်ကြီးဆွမ်းဘုဉ်းပေးခဲ့သည်နေရာလေးကို တစ်ချက်ကြည့်လိုက်နှင့် အတိတ်အကြောင်းလေးကို ပြန်သတိရမိသည်။
လွန်ခဲ့သည့်(၃)နှစ်ခန့်က ဖြစ်သည်။ သီဟိုဠ်ရောက်ပြီး (၁၂)ရက်အကြာတွင် သူငယ်ချင်းတစ်ပါးကို နောက်သူငယ်ချင်းတစ်ပါးက သီဟိုဠ်ကျောင်းလျှောက်ပေးရန်အတွက် အပြင်သွားရန်ပြောနေကြသည်။ မိမိလည်း ထိုစကားကြားသည့်အတွက် သူတို့နောက်လိုက်ရန် ပြောပြီး အတူတကွ အပြင်သွားကြသည်။ ထို့နောက် မိမိတို့နေထိုင်သည့်ကျောင်းထိုင်ဆရာတော်၏ တပည့်ကျောင်းသို့ သွား၍ ဤကျောင်းတွင်နေထိုင်ရန် လျှောက်ကြသည်။ သူငယ်ချင်းက တစ်ပါးတည်းအတွက် ရည်ရွယ်ထားသည့်အတွက် တစ်ပါးတည်းအတွက်လျှောက်သည်။ ထို့နောက် စကားဖြတ်၍ မိမိက နှစ်ပါးဆိုလျှင် ရမည်လောဟု ကြားဖြတ် ၀င်လျှောက်လိုက်သည်။ ဆရာတော်က အင်္ဂလိပ်စကား နားမလည်ပေ၊ ဘာသာပြန်နှင့် ပြောရသည်။ ဆရာတော်က မိမိတို့ကို သဘောကျနေဟန်ရှိသည်။ ထိုဆရာတော်၏ အကြည့်ကား တစ်ဘက်ပါ သူငယ်ချင်းသို့ မစူးရှပေ။ မိမိသို့ စူးရှနေသည်၊ အသေအချာကြည့်နေသည်။ ထို့နောက် အသေအချာကြည့်ပြီး လက်ခံသည်ဟု စကားပြန်လာသည်။ ထိုစကားကို ကြားလိုက်သည်နှင့် မိမိတို့တသိုက် အရမ်းဝမ်းသာသွားသည်။ ပြောမပြတတ်အောင်ပင် ရင်ထဲကြည်နူးမိသည်။ အဘယ်ကြောင့်ဆိုသော် သီဟိုဠ်တွင် စာသင်သည့် မြန်မာစာသင်သားသံဃာများ နေထိုင်ရန်ကျောင်းသည်ကား အလွန်ခက်ခဲသည့်အတွက်ကြောင့်ဖြစ်၏။ သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အပြုံးကိုယ်စီသန်းနေကြသည်။ ဤကဲ့သို့ အခွင့်အရေးသည် သီဟိုဠ်မြေတွင် မလွယ်ကူပေ။ ထို့နောက်ဆရာတော်က နောက်(၂)ရက်ကြာလာနေပါဟု ပြောသည့်အတွက် ဆရာတော်ကို ကန်တော့ပြီး စစ်ပွဲအောင်သည့် စစ်သူကြီးအလား သုံးယောက်သား ၀မ်းသာစွာ ထပြန်ခဲ့ကြသည်။
(၂)ရက်မြောက်နေ့တွင် သီဟိုဠ်ကျောင်းသို့ ပြောင်းရန် ကားတစ်စီးဌားသည်။ သီဟိုဠ်ကျောင်းတွင်နေထိုင်မည့် မိမိ၊ သူငယ်ချင်းတစ်ပါးနှင့် လိုက်ပို့သူငယ်ချင်းများ အားလုံးပေါင်း (၁၀)ပါးဝန်းကျင်ရှိသည်။ မကုဋာရာမမြန်မာကျောင်းမှ သီဟိုဠ်ကျောင်းသို့ ထွက်ခွါလာခဲ့ကြသည်။ သီဟိုဠ်ကျောင်းသို့ရောက်သောအခါ ဆရာတော်မရှိပေ။ မေးကြည့်လိုက်တော့ မိမိတို့ကို လက်ခံသည့်ဆရာတော် ဆေးရုံတက်နေရသည်ဟု ပြောလေသည်။ လက်ထောက်ဘုန်းကြီးက ဆရာတော်ဆီ ဖုန်းဆက်၍ မေးမြန်းပြီး ပြန်ပြောသည်မှာ ``ဆရာတော်လက်ခံသည်မှာ မှန်၏။ သို့သော်လည်း ဤကျောင်းတွင်မဟုတ်ကြောင်း၊ သူ့ဆရာနေထိုင်သည့် ကျောင်းတွင်ဖြစ်ကြောင်း၊ သူ့ဆရာကျောင်းက ဤနေရာနှင့် ၅-ကီလိုမီတာလောက်ဝေးကြောင်း၊ ထိုကျောင်းတွင် နေချင်လျှင်လိုက်ပို့ပေးမည်ဖြစ်ကြောင်း၊ သဘောကျလျှင်နေနိုင်ကြောင်း၊ သဘောမကျလျှင်လည်း ပြဿနာမရှိကြောင်းစသည်ဖြင့်´´ဖြစ်၏။
ထို့နောက် မိမိတို့လည်း စိတ်ကသိကအောက်ဖြစ်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့လာရောက်လျှောက်သည်မှာ ဤကျောင်းဖြစ်၏။ မိမိတို့၏ စိတ်ကူးနှင့်ပျော်ခဲ့သည်မှာလည်း ဤကျောင်းဖြစ်၏။ မိမိတို့၏ စိတ်ထဲတွင် မိမိတို့ နေရမည့်သီဟိုဠ်ကျောင်းမှာ ဤကျောင်းဟု တထစ်ချ မှတ်ယူထားသောကြောင့်ဖြစ်သည်။ သို့သော်လည်း မည်သို့မျှ မတတ်နိုင်ပေ။ သူငယ်ချင်းကို တိုင်ပင်ပြီး မည်သို့သော ကျောင်းဖြစ်စေ နေထိုင်မည်ဟု ဆုံးဖြတ်ကာ သူတို့ညွှန်ပြသော ကျောင်းသို့ လမ်းပြသည့် ဒကာတစ်ယောက်နှင့် ကားကိုဦးတည်မောင်းနှင်းလာတော့သည်။ ကျောင်းသို့ရောက်သောအခါ အသက်(၉၀)နီးပါးဆရာတော်ကြီးတစ်ပါးနှင့် ဒကာတစ်ယောက် ထိုင်စကားပြောနေသည်။ ကျောင်းဝန်းကျင်တစ်ခုလုံး တိတ်ဆိပ်ငြိမ်သက်နေသည်။ ငှက်အသံမှတစ်ပါး မည်သည့်အသံမျှ မကြားရ၊ မိမိတို့တသိုက် ရောက်သွားသောအခါ လိုက်ပို့သည့်ဒကာက ပြောပြသည့်အတွက် ဆရာတော်ကြီးက မိမိတို့ ဤကျောင်းတွင်နေထိုင်ရန်လာကြောင်း သိပုံရသည်။ သို့သော်လည်း ဆရာတော်ကြီးက အားပါးတရပင် ထိုင်စကားပြောနေသည့် ဒကာတစ်ယောက်နှင့် အခန်းလိုက်လံပြသသည်။ မိမိတို့ကို ပြသည့်အခန်းကား ဤကျောင်းတွင် အကောင်းဆုံးအခန်းဟု ပြောမည်ဆိုလျှင်လည်း မမှားနိုင်ပေ။ အခန်းသည်ကား ဧည့်ခန်းတစ်ခု၊ အိပ်ခန်းတစ်ခုနှင့် ရေချိုးခန်းအိမ်သာပါ တွဲထားသည်။ သို့သော်လည်း ဤအခန်းတွင် လူမနေသည်မှာ အနှစ်ငယ်ကြာလောက်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အခန်းအတွင်းဝယ် ပင့်ကူအိမ်များ၊ ပစ္စည်းပစ္စယအမှိုက်များ၊ ဖုန်းအလိပ်လိပ်တက်နေသည့် ကုဋင်များစသည်တို့ကြောင့်ဖြစ်သည်။ နောက်မှသိရသည်မှာ ဤအခန်းသည် ယခင်က ဆရာတော်ကြီးတပည့်အရင်းတစ်ပါးနေကြောင်း၊ ယခု လူထွက်သွားပြီဖြစ်ကြောင်းစသည်စသည်ဖြင့် သိရသည်။ လောလောဆယ် တစ်ညအိပ်နိုင်ရန် လိုက်ပို့ကြသည့် သူငယ်ချင်းများနှင့်တကွ အားလုံးအခန်းသန့်ရှင်းရေး လုပ်ကြသည်။ နှစ်ယောက်အိပ်ရန် ကုဋင်နှစ်လုံး ပြုပြင်ပြီးသောအခါ အကုန်လုံးဝိုင်းထိုင် စကားပြော၍ သီဟိုဠ်ကို အရင်ရောက်သည့် သူငယ်ချင်းများက သီဟိုဠ်နှင့်ပတ်သက်၍ နေပုံ၊ ထိုင်ပုံ၊ ဆက်ဆံရေးစသည်ဖြင့် မည်သို့မည်ပုံ နေထိုင်ရမည်ကို ပြောပြကြသည်။ ထို့နောက် လိုက်ပို့သည့် သူငယ်ချင်းအားလုံး ပြန်သွားကြလေသည်။ မိမိတို့လည်း ကျောင်းပေါက်ဝအထိ လိုက်ပို့ပြီး အခန်းအတွင်း ပြန်ဝင်လာခဲ့သည်။
အခန်းအတွင်းပြန်ရောက်သောအခါ အတူနေမည့် သူငယ်ချင်းက ပတ်ဝန်းကျင်တိတ်ဆိပ်ငြိမ်သက်ပုံကို ကြည့်ပြီး ``ငါတော့ တစ်ပါးတည်း မနေရဲ့ဘူး၊ တစ်ပါးတည်းဆိုရင် ပြန်ပြေးမိမည်၊ မင်းရှိလို့သာ နေဖြစ်သည်´´ဟု ပြောလေသည်။ မှန်ပေ၏။ အပြင်ထွက်ကြည့်လိုက်သောအခါ ဆရာတော်ကြီးနှင့် စကားပြောနေသည့် ဒကာလည်းပြန်သွားပြီ၊ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မည်သူတစ်ဦးတစ်ယောက်မျှ မတွေ့ပေ။ ဆရာတော်ကြီးနှင့် မိမိတို့သူငယ်ချင်းနှစ်ယောက်သာ ရှိလေသည်။ တိတ်ဆိပ်ငြိမ်သက်မှုက ကျောင်းဝင်းအတွင်း စိုးမိုးနေလေသည်။ အခန်းပြင်ထွက်ပြီး ဆရာတော်ကြီးဆီသို့သွားကြသည်။ ဆရာတော်ကြီးကလည်း အပြုံးကလေးနှင့် ကြိုဆိုသည့်အတွက် တော်ပေသေးသည်။ ဆရာတော်ကြီးကလည်း အင်္ဂလိပ်စကားမတတ်၊ မိမိတို့ကလည်း သီဟိုဠ်စကားမတတ်တော့ အခက်တွေ့နေသည်။ လက်ဟန်ခြေဟန်ကလေးနှင့်ပြောပြီး ဆရာတော်ကြီးနဘေးတွင် နှစ်ယောက်သား ထိုင်နေကြသည်။ ဆရာတော်ကြီးကလည်း မိမိတို့ကို ကြည့်လိုက်၊ မိမိတို့ကလည်း ပြန်ကြည့်လိုက်နှင့် ရှေ့ဆက် မည်သို့မည်ပုံနေထိုင်မည့်အရေး တွေးနေကြသည်။ ဆရာတော်ကြီး၏ မျက်နှာကို မြင်ရသည်မှာ ရိုးသားဖြူစင်၊ အပြစ်ကင်းစင်နေသည်။ ထိုသို့ ပုံရိပ်ကို မြင်လိုက်ရသည့်အတွက် အလွန်စိတ်ချမ်းမိသည်။ စကားတစ်ခွန်းမျှ မပြောဖြစ်၊ စကားပြောရန်လည်း ဆရာတော်ကြီးနှင့် မိမိတို့အကြား ပင်လယ်ကြီးခြားနေသကဲ့သို့ ဘာသာစကားက ခြားထားသည်။
ညနေစောင်းရောက်သောအခါ ကိုရင်နှစ်ပါးကျောင်းသို့ရောက်လာသည်။ မေးကြည့်တော့မှ ဤကျောင်းတွင်နေထိုင်ကြောင်း၊ ပရိဝေန(စာသင်တိုက်)တွင် စာသင်နေကြောင်း၊ တစ်ပါးက ဘင်္ဂလားဒေးရှ်၊ တစ်ပါးက သီဟိုဠ်သားဖြစ်ကြောင်း သိရသည်။ ဘင်္ဂလားဒေးရှ် ကိုရင်က အင်္ဂလိပ်စကား အနည်းအကျဉ်းရသည်။ ပထမဦးဆုံး ပြောချင်သည့်စကားကို သူနှင့် ဆက်သွယ်ပြောရသည်။ ညနေစောင်းရောက်မှ ကျောင်းက တိတ်ဆိပ်ငြိမ်သက်ခြင်း ကင်းပြီး နည်းနည်းစိုပြေမှုရှိလာသည်။ ညရောက်တော့ ကျောင်းတွင် နေထိုင်ပြီး အပြင်မှာ အလုပ်လုပ်သည် ကောင်လေးများ ရောက်လာသည်။ အားလုံးစိုစိုပြေပြေဖြစ်လာသည်။ မိမိတို့လည်း စိတ်အား အနည်းငယ်တက်လာသည်။ သူတို့သည်လည်း အသစ်ရောက်လာသည့် မိမိတို့အား မေးကြမြန်းကြနှင့် စကားအနည်းငယ်ပြောဖြစ်ကြသည်။ မိမိတို့က သီဟိုဠ်စကားမတတ်သည့်အတွက် သူတို့ပြောချင်သော စကားကို အကုန်လုံးနားမလည်ချေ၊ ဘင်္ဂလားဒေးရှ် ကိုရင်လေး ဘာသာပြန်ပေးမှ မိမိတို့က သိရသည်။ ဤသည်မှာ မိမိတို့ သီဟိုဠ်ကျောင်းသို့ ပထမဦးဆုံးရောက်သည့်နေ့ အတွေ့အကြုံပင်ဖြစ်သည်။
ဤကျောင်းသည် ဆရာတော်ကြီးတစ်ပါး၊ ကိုရင်လေးနှစ်ပါးနှင့် အပြင်အလုပ်လုပ်နေသည့် ကောင်လေးများသာ နေသည့်အတွက် ဒကာ၊ ဒကာမများ သိပ်အလေးအနက်ထားရှိဟန်မတူပေ။ ဆွမ်းဟင်းစသည်များသည်လည်း နေ့တိုင်းရှိဟန်မတူ၊ ပထမသုံးလေးရက်တွင် တစ်ရက်တစ်လေ ဆွမ်းချိုင့်ရှိ၏။ မရှိသောနေ့များတွင် ဆရာတော်ကြီးက ၀ယ်ကျွေးသည်။ ထို့နောက် ဒကာ၊ ဒကာမများကလည်း ကျောင်းတွင် နိုင်ငံခြားသား မြန်မာသံဃာများရှိနေကြောင်း တဖြေးဖြေးသိလာကြသည်။ တစ်ခါတစ်လေ လာရောက်မေးမြန်း စကားဆိုကြသည်။ ကျောင်းတွင် သံဃာရှိသောအခါ ဒကာ၊ ဒကာမများကလည်း ဂရုစိုက်မိလာကြလေသည်။ သို့အတွက်ကြောင့် ၀ါဆိုမဆိုခင် ဒကာ၊ ဒကာမများ ရောက်လာကြပြီး သူတို့အချင်းချင်းတိုင်ပင်၍ နေ့တိုင်းဆွမ်းချိုင့်ရှိအောင် လုပ်ဆောင်ကြလေသည်။ ထိုနေ့မှစ၍ ဆွမ်းလာပို့ကြသည်မှာ နေတိုင်းဖြစ်လေတော့၏။ ကျောင်းတွင်ဆွမ်းစားကျောင်းသည်လည်း ဆွမ်းစားကျောင်းမတူတောအောင်ဖြစ်နေ၏။ ကျောင်းသည်လည်း သံဃာမနေသောကျောင်းကဲ့သို့ အမှိုပ်သရိုက်နှင့် ပလူပြန်နေသည်။ မိမိတို့ရောက်မှ ဆွမ်းစားကျောင်းကို သန့်ရှင်းလုပ်၊ ကျောင်းပတ်ဝန်းကျင်ကို သန့်ရှင်းလုပ်၊ လုပ်သင့်လုပ်ထိုက်သည့် ကျောင်းဝေယျာဝေစ္စများကို ပြုလုပ်ကြသည်။ ထို့နောက် ဆရာတော်ကြီးကလည်း ဆွမ်းစားသည့်အခါ အုံးမောင်းခေါက်ရန်အတွက် မည်သည့်နေရာကရှာလာသည်မသိ အုံးမောင်းတစ်ခု ရှာလာပြီး ဆွမ်းစားဆောင်အရှေ့ မျက်နှာစာတွင် လာချိတ်ထားလေသည်။ ထို့နောက် ဆွမ်းစားရန်အချိန်ကျလျှင် အုံးမောင်းခေါက်၍ သံဃာများကို အသိပေးသည်။ မိမိတို့လည်း သီဟိုဠ်ကျောင်းရောက်ပြီး သုံးလေးလကြာတော့ ဘင်္ဂလားဒေးရှ်ကိုရင်လေးက သီဟိုဠ်စကား တစ်လုံးတစ်လေ သင်ပေးလိုက်၊ ဆရာတော်ကြီးက သင်ပေးလိုက်၊ ရောက်လာသည့် ဒကာ၊ ဒကာမများက သင်ပေးလိုက်နှင့် နောက်တော့ နည်းနည်းပါးပါး ပြောတတ်စ ပြုလာသည်။
မိမိတို့ရောက်သွားသောအခါ ကျောင်းတွင်နေထိုင်သည့် သံဃာကား ဆရာတော်ကြီးအပါအ၀င် (၅)ပါးဖြစ်လာလေတော့သည်။ နောက်တော့ သီဟိုဠ်ကိုရင်လေးကို ပရိဝေန(စာသင်တိုက်)က ပြန်ခေါ်သည့်အတွက် ဆရာတော်ကြီး၊ မိမိတို့မြန်မာနှစ်ပါးနှင့် ဘင်္ဂလားဒေးရှ် အားလုံးပေါင်း (၄)ပါး သာကျန်တော့သည်။
ဤကျောင်းသည် ယခုမှ တည်ထောင်သော ကျောင်းမဟုတ်ပေ။ လွန်ခဲ့သော အနှစ်(၂၀၀)ကျော်ခန့်လောက်က တည်ထောင်ခဲ့သော ကျောင်းဖြစ်၏။ ဤကျောင်းမှ မွေးထုပ်ပေးခဲ့သော ပညာတတ် နာမည်ကြီးတပည့်များသည်လည်း မနည်းပေ။ အချို့တပည့်ကြီးများသည် ကိုယ်ထူကိုယ်ထ ပရိဝေန ခေါ် စာသင်တိုက်တည်ထောင်ပြီး နာမည်ကြီးသော ပုဂ္ဂိုလ်များလည်းရှိ၏။ ယခင်က ဤကျောင်းသည် ပရိဝေန ခေါ် စာသင်တိုက်တစ်ခုဖြစ်ကြောင်း၊ စာသင်သားသံဃာ အပါး(၅၀)၀န်းကျင်ခန့်မျှရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယနေ့အခြေအနေကဲ့သို့ ဖြစ်ရကြောင်း အများပြောပြချက်အရသိရသည်။ သီဟိုဠ်နိုင်ငံတွင် ပရိဝေန(စာသင်တိုက်)သည် သံဃာ နှစ်ဆယ်၊ သုံးဆယ်ဝန်းကျင်ခန့်လောက်သာရှိသည်။ ထိုသို့ သံဃာများရှိလျှင် ပရိဝေန(စာသင်တိုက်)ပြုလုပ်ခွင့်ရှိသည်။ မိမိတို့မြန်မာနိုင်ငံတွင် စာသင်တိုက်သံဃာတစ်ထောင်ကျောင် ရှိကြောင်းပြောပြလျှင် သိပ်မယုံကြချေ၊ တအံ့တသြဖြစ်နေကြသည်။
ဤကျောင်းသည် မြန်မာနိုင်ငံနှင့် ဆက်သွယ်မှုရှိပုံရသည်။ ကျောင်း၏ သိမ်အတွင်းဝယ် မြန်မာပိဋကတ်စာအုပ်များတွေ့ရှိရ၏။ အယုတ်ဆုံးအားဖြင့် မြန်မာဘာသာဖြင့်ရေးထားသော သင်္ဂြီုဟ်စာအုပ်ငယ်လေးပင်တွေ့ရသည်။ နောက်ပြီး သိမ်သမုတ်တိုင်များတွင်လည်း မြန်မာဘာသာဖြင့် `သီမာ´ဟု အရပ်မျက်နှာလေးခုစလုံ ရေးထားသည်။ ထိုသို့အခြင်းအရာကို မြင်ရခြင်းအားဖြင့် ယခင်က မြန်မာနှင့် အဆက်အသွယ်ရှိကြောင်းသိနိုင်ပေသည်။
ယနေ့အခြေအနေကား ယခင်အနေအထားနှင့် လုံးဝကွာခြားလေပြီ၊ တချို့သော ဒကာ၊ ဒကာမများကလည်း နှမျှောတသသည့် ပုံစံဖြင့် တစ်ခါတစ်လေ အတိတ်က ဤကျောင်း၏ ပုံစံကို ပုံဖော်ကာ ပြန်ပြောပြကြသည်။ တစ်ခါတစ်လေ ဤကျောင်းကမွေးထုတ်ပေးခဲ့သည့် တပည့်များ အလွှမ်းပြေ လာတတ်ကြသည်။ မိမိတို့ကို တွေ့ရသောအခါ သူတို့ ဤကျောင်းတွင် ပညာသင်ခဲ့ကြောင်း၊ သူတို့၏မိခင်ကျောင်း ဖြစ်ကြောင်း အလည်လာသော ဆရာတော်ကြီးများက ပြန်လည်ပြောခဲ့ကြသည်။ နှမျှောစရာကောင်းသည်ကား ယနေ့ အခြေအနေ ဖြစ်နေရသည်ပင်ဖြစ်၏။
မိမိတို့သည်လည်း ဤကျောင်းတွင်နေရသည်မှာ မည်သို့မည်ပုံဆက်စပ်မှုရှိနေသည်မသိ ပျော်နေသည်။ မိမိ၏ ကျောင်းကဲ့သို့ပင် စိတ်ထဲတွင် ခံစားရသည်။ ဤကျောင်းတွင်နေရသည်မှာ ရုပ်ဝတ္ထုမချမ်းသာသော်လည်း စိတ်ချမ်းမှု အပြည့်ပေးသည်။ ရောက်လာသော သူငယ်ချင်းအပေါင်းအသင်းများသည်ပင် မိမိတို့နေသည့်ကျောင်းသို့ ရောက်လျှင် အေးချမ်းကြောင်း၊ ကိုယ်ကျောင်း၊ ကိုယ့်နေရာကဲ့သို့ ခံစားရကြောင်း ပြောကြသည်။
မိမိလည်း ဆွမ်းမစားခင် အတွေးပင်လယ်ဝေခဲ့ရသည်။ မိမိတို့နေခဲ့စဉ်တုန်းကလည်း ဤဆွမ်းစားကျောင်းတွင် သီဟိုဠ်ဆွမ်းများဘုဉ်းပေးပြီး ဆရာတော်ကြီးနှင့်အတူ ဘင်္ဂလားဒေးရ်ုကိုရင်လေး၊ မိမိတို့နှစ်ပါး အားလုံးပေါင်း သုံးပါးဖြစ်၏။ ယခုအလည်တစ်ခေါက်ရောက်သွားသောအခါ ဆရာတော်ကြီးထိုင်၍ ဆွမ်းဘုဉ်းပေးသော နေရာကို ကြည့်ပြီး ဆရာတော်ကြီးကို လွမ်းဆွတ်သတိရမိသည်။ ဆရာတော်ကြီးကား ယခုမရှိတော့ပြီတကား လွန်ခဲ့သော နှစ်ခန့်က ပျံလွန်တော်မူသွားရှာလေပြီ။
ဆရာတော်ကြီးသည် မိမိတို့ကို သူ၏တပည့်အရင်းကဲ့သို့ ချစ်ခင်သည်။ တစ်ခါတစ်လေ ဆရာတော်ကြီးအခန်းရှေ့ သွားထိုင်ပြီး သီဟိုဠ်စကား မတောက်တခေါက် ပြောမိသေးသည်။ ဆရာတော်ကြီးကလည်း ``ယာန၀ါ-သွားသည်၊ နှာန၀ါ-ရေချိုးသည်၊ ဘောန၀ါ-သောက်သည်၊ ခန၀ါ-စားသည် စသည်ဖြင့်´´ သင်ပေးလေသည်။ ဆရာတော်ကြီး သူ့၏အခန်း ကုလားထိုင်ပေါ် ထိုင်နေပုံ၊ သွားလာလှုပ်ရှားနေပုံတို့ကို ပြန်မြင်ယောင်မိနေသည်။ ကွမ်းစားချင်သောအခါ မိမိတို့က ကွမ်းထောင်း၍ ပေးသည်။ ဆရာတော်ကြီးသည်လည်း မိမိတို့ရှိ၍ စိတ်ချမ်းသာနေသကဲ့သို့ မိမိတို့သည်လည်း ဆရာတော်ကြီးရှိ၍ စိတ်ကြည်နူးနေသည်။ တစ်ခါတစ်လေ မရှိမဲ့ ရှိမဲ့ငွေကလေးနှင့် မိမိတို့ကို ကျောင်းသွားရန် လိုင်းကားခဟူ၍ ပေးသေးသည်။ မိမိတို့ကလည်း ဆရာတော်လိုလေသေးမရှိအောင် တတ်အားသမျှပြုစုပေးသည်။ ဆရာတော်ကြီး၏ အနီးကပ် တပည့်သည်ကား မိမိတို့ သုံးပါးတည်းပင်ဖြစ်၏။ ဆရာတော်ကြီး၏ သီဟိုဠ်တပည့်များသည်ကား အနီးကပ်မရှိချေ၊ ဆရာတော်ကြီးဆေးရုံဆေးခန်း သွားပြလျှင်လည်း မိမိတို့ပင်ဖြစ်၏။ ဆရာတော်ကြီးအကြောင်းကို ပြန်တွေးရင်း လွှမ်းဆွတ်သတိရမိသည်။ မျက်ရည်များပင် လည်ချင်လာသည်။ သို့အတွက်ကြောင့် မိမိ၏အတွေးကို ပြန်ရုတ်သိမ်းရင်း ဘုဉ်းပေးလက်စ ဆွမ်းကို ပြန်လည်ဘုဉ်းပေးလိုက်တော့သည်။ ထိုနေ့တစ်နေ့ကို မိမိ၏သီဟိုဠ်ကျောင်းတွင် အချိန်ကုန်ခဲ့လေသည်။

သားရွှေ


မတူ-ထူးသည့်ခရီးစဉ် (၁)



စိတ်ကူးရှိသော်လည်း ခရီးက မသွားဖြစ်၊ စိတ်ကူးများ အကောင်အထည်ဖော်တိုင်း မဖြစ်တာကပိုများသည်။ ဒီတစ်ခါတော့ စိတ်ကူးရှိသည့်အတိုင်း ကိစ္စကလေးရှိတာက တစ်ကြောင်း၊ သီဟိုဠ်မြေကို သွားချင်နေသည်က တစ်ကြောင်းကြောင့် ဆုံးဖြတ်ချက်ချပြီး ဧပြီလ ၂၈- ရက်နေ့ မိမိနေထိုင်သည့် ပန်တိုင်းရမစ်ရွာမှ ကေအယ်မြို့ပေါ်သို့ စထွက်ခဲ့သည်။
ကေအယ်သွားသည့် လမ်းတလျှောက်လုံး အတွေးပုံရိပ် စိတ်ကူးထဲတွင် တစ်ချိန်က နေခဲ့ဖူးသည့် သီဟိုဠ်နိုင်ငံ၏ ပုံရိပ်နှင့် မိမိ၏ကျေးဇူးရှင်သီဟိုဠ်ကျောင်းနှင့်ရွာကလေး၏ ပုံစံတို့ကို ပုံဖော်ရင်း ပျော်နေခဲ့သည်။ ဆွမ်းကွမ်းလိုလေသေးမရှိ ပြုစုခဲ့သော သီဟိုဠ်ရွာကလေး၏ တကာတကာမများကို မည်ကဲ့သို့သော လက်ဆောင်များ လှူဒါန်းရမည်ဆိုသည့် အတွေးကလေး တစ်ချက်ဝင်ရောက်လာသည်။ ထိုစိတ်ကူးဖြစ်သည့်အတွက် မြန်မာပုဆိုးများ လက်ဆောင်အဖြစ်လှူဒါန်းလျှင် ကောင်းမည်ဟု ဆုံးဖြတ်ပြီး ကေအယ်ရောက်တော့ ကားသမားကို မြန်မာပုဆိုးများ ၀ယ်ခိုင်းလိုက်သည်။
သွားမည့်ခရီးက သီဟိုဠ်နိုင်ငံပါ၊ လေယဉ်က ဧပြီလ ၂၉- ရက် မနက် ၆း၁၅မီနစ် မလေးရှားနိုင်ငံ၊ ကေအယ်မှ ကိုလံဘိုသို့ ပျံသန်းမည်ဖြစ်သည်။
ကေအယ်ရောက်သောအခါ သူငယ်ချင်းနှစ်ပါး၊ ကားသမား၊ နောက်တကာတစ်ယောက်နှင့် သူငယ်ချင်းအိမ်တစ်အိမ်မှာ တည်းခိုကြသည်။ မနက် လေးနာရီး လေဆိပ်သွားမည့် စိတ်ကူးနှင့် အကုန်လုံး နာရီနှိုးစက်ကလေးချကာ အိပ်လိုက်ကြသည်။ ၀ီရိယက ခပ်ကောင်းကောင်းနှင့် မနက် ၃-နာရီခွဲတွင် အိပ်ရာမှ နိုးလာသည်။ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး သူငယ်ချင်းများနှင့် ကားသမားတို့ကို လိုက်နှိုးကာ မနက်လေးနာရီတွင် လိုက်ပို့သူ သူငယ်ချင်းများနှင့် လေယဉ်ကွင်းသို့ စတင်ထွက်ခွါသွားခဲ့ကြလေသည်။
မိမိ၏စိတ်ကူးထဲတွင် ဒီနေ့ သီဟိုဠ်သို့ ရောက်မည်၊ သူငယ်ချင်းများနှင့်တွေ့ရမည်၊ မိမိနေခဲ့သည် မိမိတို့၏ ကျေးဇူးရှင်ကျောင်းသို့သွားမည်စသဖြင့် ကားစီးရင်းတွေးနေခဲ့သည်။ အမှန်ပြောရလျှင် စိတ်ကူးနှင့်ပျော်နေသည်။ လေဆိပ်သွားသည့် လမ်းကြောင်းတစ်လျှောက် စကားအနည်းငယ်ပြောလိုက်၊ စိတ်ကူးကလေးတစ်ချက်တစ်ချက်ဝင်လိုက်နှင့် ပျော်စရာဖြစ်နေသည်။ သီဟိုဠ်ရှိ သူငယ်ချင်းများကိုလည်း လာကြိုရန် ကြိုတင်ပြောထားတော့ သူတို့သည်လည်း မိမိရောက်မည့်အချိန် လာကြိုနေမည်မှာ သေချာနေပေသည်။
လေဆိပ်ရောက်သောအခါ ထုံစံအတိုင်း check in ၀င်၊ ပစ္စည်းအပ်ကြသည်။ ပစ္စည်းအပ်သောအခါ ပစ္စည်းက ပေါင်ပိုနေသည့်အတွက်ကြောင် ရင်းဂစ် ၃၀-ပေးလိုက်ရသေးသည်။ လုပ်စရာကိစ္စပြီး၍ ပေးလိုက်သော စာရွက်ကလေးကို ကြည့်လိုက်သောအခါ bording pass က ၅း၃၅-သွားရမည်ဖြစ်သည်။ နာရီကြည့်လိုက်သောအခါ ၄း၄၀-ရှိသေးသောကြောင့် အချိန်ရသေးသည်ဆိုသည့်အသိနှင့် လိုက်ပို့သည့် သူငယ်ချင်း၊ ကားသမားတို့နှင့်အတူ ကော်ဖီဝင်သောက်လိုက်သည်။ ကော်ဖီကလေးသောက်လိုက်၊ စကားကလေးပြောလိုက်နှင့် ခဏမျှ အချိန်ယူနေကြသည်။ ကောက်ဖီသောက်နေစဉ် သူငယ်ချင်းက ``မင်းအချိန်ကြ နေပြီ သွားလို့ရပြီ´´ဟု လှမ်းသတိပေး ပြောသေးသည်။ သို့သော်လည်း မိမိ၏ခေါင်းထဲတွင် အချိန်ရသေးသည် ဆိုသည့်အသိက ပိုလွှမ်းနေ၍ ``ရပါတယ်ကွ ကုန်အောင်သောက်လိုပ်ပါဦး´´ဟု ပြန်ပြောလိုက်သည်။ ကော်ဖီသောက်၊ စကားပြောပြီးသောအခါ အချိန်ကို မကြည့်ဖြင့် သူငယ်ချင်းများကို နှုတ်ဆက်ပြီး လွယ်အိပ်ကလေးလွယ်ကာ immigration ၀င်ရန် အပေါ်ထပ်သို့တက်ပြီး immigration ရုံးများ၏ အပေါက်တစ်ပေါက်တွင် တန်းစီရပ်လိုက်သည်။ မိမိအလှည့်ရောက်သောအခါ အထွက်တုံးထု၊ ပစ္စည်းစစ်ဆေးပြီး လေယဉ်နောက်ဆုံးထွက်မည့်နေရာ bording pass သို့ သွားလိုက်တော့သည်။ နောက်ဆုံးစောင့်သည့် ဧရိယာသို့ရောက်သောအခါ သီဟိုဠ်သားနဲ့တူသည့် လူများမတွေ့ရတော့ချေ။ ထို့ကြောင့် မိမိစီးရမည့် လေယာဉ်ဂိတ်ဖြစ်သည့် နေရာသို့ ရောက်သောအခါ စကားပြောစက်ကိုင်ပြီး ကောင်မလေးတစ်ယောက်ရှိနေသည်။ သူမကို မေးကြည့်မှ bording pass ပိတ်သွားပြီဖြစ်ကြောင်း၊ လေယာဉ်နောက်ကျသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ မိမိဖုန်းထဲမှ နာရီကို ကြည့်လိုက်တော့ ၆း၂၀-ရှိနေပြီ။ မိမိက တကယ်နောက်ကျသွားလေပြီ။ လေယာဉ်နောက်ကျသွားပြီဟု သိသည်နှင့် ရင်တွေတဒိန်းဒိန်းခုန်ပြီး မည်သို့မည်ပုံလုပ်ရမည်မှန်းတောင် မသိတော့ပေ၊ ဤကဲ့သို့ အတွေ့အကြုံလည်း မိမိတွင်မရှိ၊ တစ်ခါမှ မကြုံဖူးသော အတွေ့အကြုံပင်ဖြစ်သည်။ ဤကဲ့သို့သော အဖြစ်မျိုး မည်သူတစ်ဦးတစ်ယောက်မျှ ဖြစ်မည်ဟုလည်း မထင်ပေ။ မိမိတစ်ဦးတည်း အတွေးပင်လည်ဝေပြီး စိတ်ကို ပြန်ထိမ်းကာ ထိုမိန်းကလေးကို ``ဒီလိုဆိုရင် လေယာဉ်ဆီသို့ အကြောင်းကြား ဖုန်းဆက်လို့မရတော့ဘူးလား´´ဟု ပြန်မေးသောအခါ သူမက စကားပြောစက်ကိုင်ပြီး ပြောကြည့်သေး၏။ ``ဘယ်လိုလဲ``ဟု မေးသောအခါ ဘိန်းစတင်လိမ့်နေပြီဖြစ်ကြောင်း၊ မရတော့ပြီဖြစ်ကြောင်း ပြန်ပြောပြလေသည်။ ``ဒီလိုဆို ငါဘယ်လိုလုပ်ရမလဲ``ဟု မေးသောအခါ သူမက မိမိလာသည့် လမ်းကြောင်းအတိုင်းပြန်သွားပြီး immigration ရောက်တော့ မေးကြည့်ဟု ပြောလေသည်။ ထို့ကြောင့် မိမိသည်လည်း ခပ်ရှက်ရှက်၊ စိတ်ပျက်ပျက်ကလေးနှင့် ခပ်သွက်သွက်ကလေး ထွက်လာခဲ့လိုက်ရသည်။ immigration ရောက်၍ လေယဉ် miss ဖြစ်သည့်အကြောင်း ၀န်ထမ်းကို ပြောသောအခါ သူက ရုံးခန်းထဲသို့ ခေါ်သွားပြီး အရာရှိနှင့်တွေ့ပေးသည်။ အရာရှိသည်လည်း ယဉ်ယဉ်ကျေးကျေးပင် ထိုင်ပါဟု နေရာပေးပြီး passport ပြပါဟု ပြောကာ အသေးစိတ်လိုက်ကြည့်သည်။ အသေးစိတ်ကြည့်ပြီးသောအခါ passport တွင် လေယာဉ် miss ဖြစ်ကြောင်း ရေးလိုက်၏။ ထိုအခါ မိမိက မည်သို့မည်ပုံလုပ်ရမည်ကို အကြံပေးရန်နှင့် မိမိ၏ ပစ္စည်းကို မည်သည့်နေရာတွင် သွားယူရမည့်အကြောင်း မေးသောအခါ အရာရှိက ``လာသည့်လမ်းအတိုင်းပြန်သွား၊ မင်းရဲ့ပစ္စည်းကို arrival တွင်သွားယူပြီး၊ မနက်ဖန်သွားမည်ဆိုလျှင် လေယဉ်လက်မှတ် ထပ်ဝယ်ရမည်၊ ဒီလက်မှတ်က Airasia ဖြစ်လို့ ဆုံးသွားပြီ´´ စသည်စသည်ဖြင့် အသေးစိတ်ရှင်းပြလိုက်သည်။
ထို့နောက် လိုက်ပို့သည့် သူငယ်ချင်းနှင့် ကားသမားကို ဖုန်းပြန်ဆက်ခေါ်လိုက်သည်။ ထိုအချိန် သူတို့သည်ကား ကေအယ်အပြန် လမ်းတစ်ဝက်ရောက်နေလေပြီ၊ သို့သော်လည်း သူတို့သည် စိတ်သဘောကောင်းစွာဖြင့် လှည့်ပြန်လာကြလေသည်။ မိမိသည်ကား ကိုယ့်ကိုသာလျှင် ဒုက္ခပေးသည်မဟုတ် အများကိုပါ အချိန်ကုန် လူပင်ပန်း ဒုက္ခပေးမိလေသည်။ သူတို့ ပြန်ရောက်သောအချိန် မိမိသည်ကား ပစ္စည်းရွေးပြီး ဟိုဟိုဒီဒီ သတင်းအစအနလိုက်စုံစမ်းနေလေပြီ။ သူတို့ရောက်လာမှ နောက်တစ်နေ့အတွက် လေယာဉ်လက်မှတ်စုံစမ်းပြီး လေယာဉ်လက်မှတ်ကို ၃၀- ရက်နေ့ မနက်သွားရန်အတွက် ထပ်ဖြတ်လိုက်သည်။ လက်မှတ်ဖြတ်ပြီး ကားသမားက သွားမည်ဟု ပြောသောအချိန်တွင် မိမိအတွေးထဲ စိတ်ကူးတစ်ခု ၀င်ရောက်လာသည်။ ထို့ကြောင့် ကားသမားကို ``ငါ ကေအယ်သို့ ပြန်မလိုက်ပြီ၊ အနီးဆုံးဟိုလ်တယ်တစ်ခုတွင် တည်းပြီး မနက်ဖန်လေယဉ်ကို စောင့်မည်၊ မနက်ဖန်လည်း ဒီနေရာကို လာရမည်အတူတူစသည်ဖြင့်´´ပြောပြီး လေဆိပ်ဟိုလ်တယ်တွင် သွားစုံစမ်းသောအခါ ဟိုလ်တယ်ကား အခန်းလွတ်မရှိပြီ၊ ပြည့်နေပြီဟု ပြောလိုက်သည်။ နောက်ပြီး ဟိုလ်တယ်စာရေးမလေးက ဤအနီးအနားတွင် ဟိုလ်တယ်တစ်ခု ရှိသေးကြောင်း သတင်းပါးလိုက်ပါသည်။
ထိုစိတ်ကူးနှင့် ပြန်အထွက်တွင် မြန်မာကောင်လေးတစ်ယောက်နှင့်တွေ့သည် သူကိုမေးကြည့်သောအခါ သူက`` ဒီနေရာနဲ့ ကီလိုမီတာ ၂၀-လောက်တွင် အင်းပရက်စ် ဟိုလ်တယ်တစ်ခုရှိတယ်၊ အဲဒီကဆိုရင် လေဆိပ်ကို လိုင်းကားရှိတယ်စသည်ဖြင့်´´ပြောပြလေသည်။ ထို့ကြောင့် အင်းပရက်စ်ဟိုလ်တယ်သို့ သွားမည်ဟု ဆုံးဖြတ်ချက်ကာ ဟိုလ်တယ်ဆီသို့ စကားတစ်ပြောပြောနှင့် ဦးတည်သွားလိုက်တော့သည်။ ဟိုလ်တယ်သို့ရောက်သောအခါ ၀င်စုံးစမ်းပြီး အခန်းငှားလိုက်တော့သည်။ အခန်းငှားပြီးသည်နှင့် ကားသမားနှင့်တကွ လိုက်ပို့သူအားလုံး နှုတ်ဆက်ပြန်သွားကြလေသည်။ မိမိသည်လည်း ငှားထားသည် ဟိုလ်တယ်အပေါ်သို့တက်ကာ ရေမိုးချိုးပြီး မောမောကလေးနှင့် အိပ်ချပစ်လိုက်တော့သည်။
အိပ်ရာနိုးထ၍ နာရီကြည့်လိုက်တော့ နေ့လယ် ၂-နာရီထိုးနေပြီ၊ ထို့နောက် ဟိုလ်တယ်အောက်သို့ ဆင်းလာပြီး ကောင်တာတွင် ``ငါမနက်ဖန် အဲယားအေရှနဲ့ သီဟိုဠ်သွားမည်၊ လေဆိပ်ကို ဘယ်လိုသွားရမည်´´မေးမြန်းစုံစမ်းသောအခါ သူတို့က ``လေဆိပ်ကို တက္ကစီငှားကား၊ ဟိုလ်တယ်ရှပ်တည်းကားတို့ရှိသည်၊ တက္ကစီးငှားကားသည် ဈေးကြီးသည်၊ ဟိုလ်တယ်ရှပ်တည်းကားသည်ကား ဈေးချိုးသည်´´ဟု ပြောပြလေသည်။ ထို့ကြောင့် ဟိုလ်တယ်ရှပ်တည်းကားကို မှာထားပြီး၊ မနက်ဖန် မနက်လာနိုးပေးရန် မှာထားလိုက်တော့သည်။
မိမိသည်လည်း ဤဟိုလ်တယ်ပတ်ဝန်းကျင်ကို တစ်ခါမှ မရောက်ဖူးသေးတော့ လိုက်လံကြည့်ရှုပြီး ညရောက်သောအခါ စိတ်ချလက်ချ အိပ်လိုက်တော့သည်။ အိပ်မပျော်ခင် လေယာဉ်နောက်ကြသည်နှင့်ပတ်သက်ပြီး အတွေးကလေး တစ်ချက်နှစ်ချက်ဝင်လိုက်သေးသည်။ သို့သော်လည်း မိမိရဲ့ပေါ့ဆမှုကြောင့်သာ ဤကဲ့သို့ဖြစ်ရသည်ဖြစ်၍ ဗဟုသုတတစ်ခုဟုသာ မှတ်ယူပြီး၊ သီဟိုဠ်အကြောင်းကို ထပ်တွေးရင်းပင် အိပ်ပျော်သွားလေသည်။
``ဂရင်း ဂရင်း´´ ဖုန်းအသံကြား၍ အိပ်ရာကနိုးလာသည်။ ဖုန်းကိုင်လိုက်တော့ ကောင်တာမှ ဖုန်းဖြစ်နေသည်။ နာရီကြည့်လိုက်သောအခါ မနက် ၃း၃၀ ရှိနေပြီ။ ကောင်တာက အဆင်သင့်လုပ်ထားရန်နှင့် ၄းနာရီးထိုးလျှင် အောက်သို့ ဆင်းလာရန် ပြောကြားပြီး ဖုန်းချသွားလေသည်။
မိမိလည်း ကိုယ်လက်သန့်စင်၊ ရေမိုးချိုး၊ လုပ်စရာရှိတာများလုပ်၊ ပစ္စည်းပစ္စယများသိမ်းဆည်းပြီး အောက်သို့ဆင်းလာခဲ့သည်။ အောက်ရောက်သောအခါ ကောင်တာတွင် သော့ပြန်အပ်ပြီး သူတို့က ထမင်းတစ်ထုပ်ပေး၍ ထမင်းစားသောက်သည်။ ထမင်းစားသောက်အပြီးတွင် အချိန်ကိုက် ကားတစ်စီးလာထိုးရပ်သည်။ ထို့နောက် ကောင်တာက ``ကားအပေါ်သို့တက်လို့ရပြီ´´ဟု ပြော၍ ခပ်တည်တည် ကားပေါ်တက်ထိုင်လိုက်သည်။ ကားအပေါ်တွင် မည်သူမျှမရှိပေ၊ မိမိတစ်ဦးတည်းသာရှိသည်။ ထို့နောက် ကားသည်လည်း လေဆိပ်သို့ မောင်းနှင်းထွက်ခွါသွားတော့သည်။ မိမိတစ်ဦးသာ လေဆိပ်သို့ ကားသမား မောင်းနှင်းပို့ခဲ့ရသည်။
လေဆိပ်ရောက်သောအခါ ခဏမဆိုင်းဘဲ တစ်ခါတည်း check in ၀င်လိုက်တော့သည်။ check in ၀င်မှ ကောင်တာက ကီလိုပိုကြောင်း ပြော၏။ ပြန်ကြည့်လိုက်တော့ မနေ့က ဖြတ်ခဲ့သော လေယဉ်လက်မှတ်တွင် ကီလိုမရပေ။ အဘယ်ကြောင့်ဆိုသော် အနီးကပ်ဖြတ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် check in ကောင်တာတွင် ကီလိုပိုခ ရင်းဂစ် ၄၀-ထပ်ပေးခဲ့ရပြန်သည်။ check in ၀င်ပြီးတော့ အရင်တစ်နေ့ကဲ့သို့ ကော်ဖီမသောက်ဖြစ်တော့ အချိန်ရှိသေးသော်လည်း မိမိစိတ်က အမှားဖြစ်ခဲ့မိ၍ ဆန္ဒအတန်ငယ်စောနေသေးသည်။ ထို့ကြောင့် immigration အထွက်တုံးထုရန် အပေါ်ထပ်သို့ တက်သည့်လမ်းကို လာခဲ့သည်။ လမ်းလျှောက်ရင်း ဘေးဘီကိုကြည့်လိုက်တော့ မြန်မာဘုန်းကြီး နှစ်ပါးတွေ့သည်။ မေးကြည့်သောအခါ ရခိုင်ဘုန်းကြီးဖြစ်နေသည်။ သူတို့က သီဟိုဠ်သို့ ဘုရားဖူးသွားမည့်အကြောင်း၊ တစ်ခေါက်မှ မရောက်ဖူးသေးကြောင်း ပြောပြသည်။ ထို့ကြောင့် check in ၀င်မည့် နေရာကို ညွှန်ပြပြီး မိမိလည်း immigration ၀င်ရန် အပေါ်သို့ တက်လာပြီး ထုံးစံအတိုင်း တန်းစီ၊ အထွက်တုံးထု၊ ပစ္စည်းပစ္စယများ စစ်ဆေးခံပြီး bording pass သို့ တန်းတန်းသွားလိုက်ပါတော့သည်။ အဘယ်ကြောင့်ဆိုသော် အရင်နေ့ကကဲ့သို့ ဖြစ်မည်စိုး၍ ဖြစ်သည်။ မိမိက ကြိုတင်ရောက်နေခြင်းဖြင့် ဖြစ်လာမည့် ပြဿနာကို အေးအေးဆေးဆေး စဉ်းစား၍ အဖြေရှာရန် အချိန်ရသည်။ ``ကြိုတင်၍ စဉ်းစားခြင်းသည် မမှားနိုင်´´ဟု ဆိုရိုးစကားလည်း ရှိ၏။ သတိတစ်ချက် လွဲချော်သွားလျှင် ဘ၀တစ်ခုလုံး ပျက်သွားနိုင်သည်။ အရင်နေ့ကလည်း အချိန်လွဲချော်မှု တစ်ခုကြောင့် လေယာဉ်နောက်ကြကျန်ခဲ့သည်။ ဤနေ့သည် အရင်နေ့ကကဲ့သို့ အဖြစ်မခံနိုင်ပြီဟု တွေးရင်းပင် နောက်ဆုံးဂိတ်သို့ ရောက်လာခဲ့သည်။
နောက်ဆုံးဂိတ် bording pass ရောက်တော့ သီဟိုဠ်သားများတွေ့ရသည်။ ထို့ကြောင့် သေချာသွားအောင် သီဟိုဠ်သားတစ်ယောက်ကို ``ဘယ်သွားမှာလဲ´´ဟု မေးလိုက်သည်။ သီဟိုဠ်သွားမည်ဖြစ်ကြောင်း ပြန်ဖြေလိုက်သည်။ ထို့နောက် စိတ်ချလက်ချ waiting room ထဲတွင် ထိုင်ချလိုက်သည်။ သိပ်မကြာခင် နဘေးတွင် သီဟိုဠ်သားတစ်ယောက် ရောက်လာသည်။ သူက မူဆလင်ဖြစ်သော်လည်း စကားအပြောအဆို အနှုန်းအရမ်းယဉ်ကျေးသည်။ သူနှင့် စကားလက်ဆောင် သီဟိုဠ်စကားပြောရင်း လေယဉ်ထွက်ချိန်ကို စောင့်နေလေတော့သည်။ နောက်ဆုံး လူစာရင်းမခေါ်ခင် ရခိုင်ဘုန်းကြီးနှစ်ပါးလည်း ရောက်ချလာသည်။ သူတို့နှင့်လည်း အရင်နေ့က အကြောင်းပြောပြ၊ သီဟိုဠ်အကြောင်းပြောပြရင်းနှင့်ပင် လေယာဉ်ထွက်ရန် နောက်ဆုံးလူစာရင်းခေါ်ပါတော့သည်။ ထို့နောက် လေယဉ်အပေါ်သို့ တက်ပြီး မိမိထိုင်ခုံနားရောက်အချိန်တွင် ``အော်….အခုမှ ငါ သီဟိုဠ်ကို တကယ်ရောက်တော့မှာပါလား´´ဟု စိတ်ထဲက ပြောရင်းထိုင်ချလိုက်ပါတော့သည်။
စိတ်ကူးထဲတွင်ကား ``အမှားသည် လူတိုင်းနှင့် မကင်းနိုင်ချေ။ လူတိုင်းမှားဖူးမည်မှာ အမှန်ပင်ဖြစ်၏။ ထို့ကြောင့် ``မမှားသော ရှေ့နေ၊ မသေသော ဆေးသမား´´ဟု မြန်မာ့ဆိုရိုးစကား ထွက်ရှိလာခြင်းဖြစ်သည်။ ထိုအမှားများထဲတွင် မိမိလေယဉ်နောက်ကျသည့် အမှားမျိုးကား နည်းလိမ့်မည် ဟု ခံစားရသည်။ ကားနောက်ကျသည်၊ ကျောင်းနောက်ကျစသည်စသည်ဖြင့် နောက်ကျသည်များရှိ၏။ ယင်းသို့ နောက်ကျခြင်းသည် ဖြစ်နေကြကဲ့သို့ ဖြစ်နေသည့်အတွက် သိပ်အထူးအဆန်းမဟုတ်ချေ၊ လေယာဉ်နောက်ကျသည်ကား ထူးဆန်းနေ၏။ မိမိကဲ့သို့ လေယဉ်နောက်ကျသော ပုဂ္ဂိုလ်များ ရှိမည်ဟုပင် စိတ်ထဲမထင်မှတ်ပေ။ သို့သော်လည်း ရှိကောင်းရှိနိုင်ပါသည်။´´ စသည်ဖြင့် တွေးရင်း လေယဉ်အပေါ်ထွင် အိပ်ပျော်သွားခဲ့သည်။

အိပ်ရာနိုး ကြည့်လိုက်တော့ အပြင်ဘက်က အလင်းရောင်တွေ တွေ့နေရပြီ အောက်ငုတ်ကြည့်တော့ တောင်တန်းတွေ တိမ်တွေကြား ၀ိုးတ၀ါးမြင်နေရပြီ။ ထို့ကြောင့် သီဟိုဠ်ရောက်နေပြီဟု ကောက်ချက်ချလိုက်သည်။ သီဟိုဠ်မြေကို ရောက်နေပြီဟု အသိစိတ်ဝင်သည်နှင့် စိတ်ခံစားချက်က မိမိနိုင်ငံသို့ မိမိပြန်ရောက်နေသကဲ့သို့ ခံစားမိသည်။ သီဟိုဠ်သည် မိမိအတွက် တကယ်ပျော်စရာနိုင်ငံမဟုတ်ပါလော။ စိတ်ထဲက အတွေးတွေစီတန်းနေစဉ် လေယာဉ်က ကွင်းဆင်းမဲ့အကြောင်းပြောပြလေသည်။ သိပ်မကြာခင် ကွင်းထဲ ဆင်းချလိုက်တော့သည်။ လေယာဉ်ဆိုက်ပြီး လေယာဉ်ကအထွက် သီဟိုဠ်သားများကို အပြုံးမျက်နှာနှင့် မြင်လိုက်ရသည်ဆိုရင်ဖြင့် မိမိသည်လည်း အပြုံးရိပ်ကလေး ပိုမို့တောက်ပြောင်လာသကဲ့သို့ ခံစားရသည်။ သီဟိုဠ်ရောက်သည်နှင့် ခံစားမှုက အရင်နှင့်မတူပေ။ စိတ်ကလည်း တက်ကြွနေသလို မြင်နေရသူတွေကလည်း ကိုယ့်လူမျိုးကဲ့သို့ ထင်နေရသည်။ လေယာဉ်မှထွက်ပြီး immigration ရောက်တော့ တန်းစီးနေစရာမလိုပေ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်ကတစ်ကြောင်း၊ ဘုန်းကြီးဖြစ်နေသည်ကတစ်ကြောင်းကြောင့် မြင်လိုက်သည်ဆိုရင်ဖြင့် လှမ်းခေါ်လိုက်သည်။ passport ပြလိုက်ပြီးသည်နှင့် တုံးထုပေးလိုက်ပြီး မည်သည့်စကားမျှ ရှည်ရှည်ဝေေ၀မပြောပေ။ အပြုံးတစ်ချက်ပြုံးပြပြီး passport ပြန်ပေးလိုက်သည်။ ပစ္စည်းရွေးပြီး အပြင်ထွက်တော့ သူငယ်ချင်းများက အဆင့်သင့်လာစောင့်နေကြသည်။ မြင်လိုက်သည်ဆိုသည်နှင့် ကားခေါ်ပြီး စကားတပြောပြောနှင့် လေဆိပ်မှ ကိုလံဘိုသို့ ထွက်ခွါလာတော့သည်။
မကုဋာရာမမြန်မာကျောင်းသို့ မရောက်ခင် မိမိ၏ကျေးဇူးရှင်၊ မိမိနေခဲ့ဖူးသည့် တပေါဝနရာမပူရာဏမဟာဝိဟာရသီဟိုဠ်ကျောင်းသို့ တစ်ချက်ဝင်ကြည့်လိုက်သည်။ မိမိနေခဲ့စဉ်က အခြေအနေနှင့် ယနေ့အခြေနေ မည်ကဲ့သို့ ထူးခြားပြောင်းလဲနေမည်နည်းဟူသည့် စိတ်ကလေးနှင့် ဖြစ်သည်။ ကျောင်းရောက်တော့ လက်ရှိကျောင်းထိုင်နေသော ဘုန်းကြီးက မိမိအသိပင်ဖြစ်သည်။ တစ်ချိန်က အတူနေခဲ့သော ဘင်္ဂလားဒေရ် ကိုရင်လဲ ရှိသေးသည်။ အကုန်လုံးက နွေးထွေးစွာကြိုဆိုလိုက်တော့ အရမ်းဝမ်းသာသွားသည်။ နောက်ပြီး ကျောင်းပတ်ဝန်းလေးကို လိုက်ကြည့်ရင်း စိတ်ကျေနပ်ပြီဆိုမှ ကျောင်းထိုင်ကို ကန်တော့ပြီး မကုဋာရာမမြန်မာကျောင်းသို့ ထွက်လာခဲ့တော့သည်။ ကားပေါ်တွင် သူငယ်ချင်းများနှင့် စကားတွေပြော၊ ကားသမားနှင့် သီဟိုဠ်စကားပြောရင်းနှင့် စိတ်ကြည်နူးခဲ့ရသည်။ တာဝန်ကျေသူများက တာဝန်ကျေ၊ နိုင်ငံသားများ၏ အပြုံကလေးများက ချိုတော့ မိမိ၏ စိတ်ချမ်းသာမှုက ဘယ်အရာနှင့်မျှ မတူတော့ပေ။
မကုဋရောက်တော့ စကားအနည်းငယ်ပြောပြီး အနားယူအိပ်ပစ်လိုက်တော့သည်။
တစ်ချိန်က နေခဲ့ဖူးသော နေရာဖြစ်သည့်အတွက် မိမိအတွက်မစိမ်းပေ။ သီဟိုဠ်မြေမှ ခွဲခွါလာတာ သိပ်မကြာသေးတော့ အပေါင်းအသင်းများက အရင်အတိုင်းပင်၊ ပြောင်းလွှဲမှု သိပ်မရှိသေးပေ။ သို့သော်လည်း မိမိက သီဟိုဠ်နိုင်ငံသို့ ပြန်ရောက်နေသည်၊ သီဟိုဠ်မြေကို နှင်းနေရသည်ကိုပင် ကျေနပ်နေသည်။ အဘယ်ကြောင့်မှန်းမသိပေ မိမိသည် သီဟိုဠ်နိုင်ငံကို ခင်တွယ်သည်၊ သီဟိုဠ်မြေမှာ နေရသည်ကို ၀မ်းသာမိသည်၊ ပျော်ရွှင်မိသည်။
အထူးမှာခြင်သည်မှာ……….မိမိကဲ့သို့ လေယဉ်နောက်မကျရန်ပင် ဖြစ်ပါသည်။
သားရွှေ

သင်္ကြန်အချိန်အခါ အတုယူစရာ



´´ပူဇာ စ ပူဇနေယျာနံ ဧတံ မင်္ဂလ မုတ္တမံ`` ဟူသော စကားအတိုင်း ပူဇော်သင့် ပူဇော်ထိုက်သော ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါး၊ ဆရာသမား၊ မိဘ၊ မိမိတို့ထက် အသက်သိက္ခာ ဂုဏ်အားဖြင့်ကြီးမားသော၊ အရိုအသေပြုထိုက်သော သူတို့အား ပူဇော်ခြင်းသည် မင်္ဂလာတစ်ပါးဟု ဘုရားရှင်ဟောကြားထားသည့်အတိုင်း မြန်မာတို့၏ဓလေ့ထုံးဓမ်းအရ မြန်မာပြည်သူပြည်သားများသည် နှစ်သစ်သို့ရောက်သောအခါ ထိုမင်္ဂလာအမှုကို ပြုလေ့ပြုထရှိကြ၏။ ထိုသို့ပြုခြင်းသည် မြန်မာလူမျိုးတို့၏ ချစ်စရာဓလေ့တစ်ခုပင် ဖြစ်ပေသည်။
မြန်မာလူမျိုးများသည် သင်္ကြန်အချိန် နှစ်သစ်သို့ရောက်သောအခါ မြန်မာတို့၏ထုံးဓမ်းစဉ်လာအတိုင်း ရေပက်ကစားခြင်း၊ အသက်ကြီးပူဇော်ပွဲများကျင်းပခြင်း၊ ရဟန်းသံဃာများ ပင့်ဖိတ်၍ တရားတော်နာယူခြင်း၊ ကမ္မဌာန်းရိပ်သာသို့ သွား၍ တရားဘာဝနာအားထုတ်ခြင်းစသည်များ ပြုလုပ်လေ့ရှိကြပါသည်။
ရေပက်ကစားခြင်းသည် နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်သို့ မပါရစေအောင် ဆေးကြောခြင်းဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် ရေပက်ကစားခြင်းဖြင့် မင်္ဂလာယူကြသည်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံး ရေပက်ကစားကြသည်။ မြန်မာများ နှစ်သစ်တွင်ရေပက်ကစားခြင်းသည် ရှေးဘိုးဘွားဘီဘင်ကတည်းက အစဉ်အဆက် ဆင်းသက်လာခြင်းဖြစ်သည်။ ချစ်စရာရိုးရာ ဓလေ့တစ်ခုဟု ဆိုလျှင်မှားအံ့မထင်ပေ။ တစ်ယောက်နှင့်တစ်ယောက် ရေပက်ခြင်းဖြင့် စိတ်ဆိုးခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း မရှိပေ။ ရေပက်ခံခြင်းသည် မင်္ဂလာရှိသည်ဟု ယူဆကြသည်။
အသက်ကြီးပူဇော်ပွဲများကျင်းပခြင်းသည် မြန်မာတို့၏ရိုးရာအစဉ်အလာအတိုင်း မိမိတို့ထက် အသက်၊ ဂုဏ်၊ သိက္ခာကြီးမားသော လူကြီးမိဘများအား ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ခြင်းဖြစ်သည်။ ထိုသို့ပြုမူခြင်းသည် နှစ်သစ်ကို ကုသိုလ်ရေးနှင့် ကြိုဆိုခြင်းဖြစ်သည်။ နှစ်သစ်ကို ကောင်းသောအပြုအမူများနှင့်း ကြိုဆိုလျှင် မိမိတို့၏ စီးပွားရေး၊ လူမှုရေးအဆင်ပြေသည်ဟု ယူဆကြသည်။ ဤသို့ ပြုလုပ်ခြင်းသည် ကောင်းသောအပြုအမူပင်ဖြစ်ပါသည်။ ပညာရှိသူတော်ကောင်းများ ချီးမွှမ်းသော အပြုအမူပင်တည်း။
ရဟန်းသံဃာတော်များပင့်ဖိတ်၍ တရားတော်နာယူခြင်း၊ ကမ္မဌာန်းရိပ်သာသို့ဝင်၍ တရားဘာဝနာအားထုတ်ခြင်းတို့သည်လည်း နှစ်သစ်ကို ကုသိုလ်ရေးနှင့် ကြိုဆိုခြင်းပင်ဖြစ်ပါသည်။ ``အစကောင်းလျှင် အနှောင်းသေချာသည်´´ဟု ဗမာစကားရှိသကဲ့သို့ မြန်မာလူများသည် နှစ်သစ်တည်းဟူသော အစတွင် နှစ်ဟောင်းမှ အညစ်အကြေးကို ရေပက်ခြင်းဖြင့် ဆေးကြောခြင်း၊ လူကြီးမိဘများအား ပူဇော်ကန်တော့ခြင်း၊ ရဟန်းသံဃာများအား ပင့်ဖိတ်၍ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း၊ တရားတော်နာကြားခြင်း၊ တရားဘာဝနာအားထုတ်ခြင်းများ ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အစကောင်းသည့်အတွက်ကြောင်း အနှောင်းတည်းဟူသော တစ်နှစ်ပတ်လုံး ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသည်ဟု ယူဆကြသည်။ ဤသို့ပြုလုပ်ခြင်းသည် မှန်ကန်သော လုပ်ရပ်ဟု ဆိုလျှင် မှားမည်မထင်ပေ။ အဘယ်ကြောင့်ဆိုသော်… ကောင်းသောအမှုကို ပြုလုပ်လျှင် ကောင်းသောအကျိုးကို ခံစားရမည်မှာ မလွဲဧကန်ပင်ဖြစ်သောကြောင့် ဖြစ်၏။
အထက်ဖော်ပြသည့်အတိုင်း မြန်မာနှစ်သစ်ကူး အခွင့်အရေးသည် မြန်မာပြည်တွင်သာမက ပြည်ပနိုင်ငံ အသီးသီးမှာလည်း ထိုအခွင့်အရေးမျိုး ရရှိနိုင်ပါသည်။ ပြည်ပဟုဆိုရာ၌ ဤနေရာတွင် မလေးရှားနိုင်ငံ၊ ပန်းတိုင်းရမစ်တွင်ရှိသော ဇေယျဝတီမြန်မာဗုဒ္ဓဘာသာကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားများနှင့် သူတို့၏မိဘများ ကျောင်းသို့လာ၍ ဆရာကန်တော့ ပူဇော်အမှုပြုကြသည့် အကြောင်းကို ပြောပြချင်ပါသည်။
ထိုကျောင်းတွင် စာရေးသူသည် မိမိတတ်အားသမျှ ပညာဒါန ဖြန့်ဝေပေးနေပါသည်။ ကွန်ပျူတာနှင့် အင်္ဂလိပ်စာကို အဓိကသင်ကြားပေးပြီး၊ မလေးရှားတွင် မွေးသော ကလေးငယ်များအား မြန်မာစာသင်ပုန်းကြီး သင်ကြားပေးပါသည်။ အလုပ်ရှိသော သူများကား အလုပ်အားချိန်တွင် ကျောင်းသို့လာရောက်၍ ကွန်ပျူတာပညာလေ့လာပါသည်။ စာရေးသူလည်း မိမိနိုင်အားသမျှ လိုလားသော ပုဂ္ဂိုလ်များကို သင်ကြားပေးပါသည်။
မြန်မာလူမျိုးအများအစုသည် ကွန်ပျူတာနှင့် အလှမ်းဝေးနေသေး၏။ ကွန်ပျူတာအကြောင်း ပြောပြလျှင် အင်္ဂလိပ်စာအားနည်းသည်ဖြစ်၍ ကွန်ပျူတာသင်နိုင်မည်မဟုတ်ကြောင်း ပြန်ပြောတတ်သည်။ ထိုသို့ ပြောလာသော သူများအား စာရေးသူက ``ကွန်ပျူတာသင်ချင်လျှင် အင်္ဂလိပ်စာ တတ်စရာ မလိုပါဘူး၊ အင်္ဂလိပ်စာ တတ်ရင်တော့ ပို၍ခရီးရောက်တာပေါ့၊ မင်းဖုန်းကိုင်တတ်တယ်မဟုတ်လား၊ အဲဒီဖုန်းမှာ အင်္ဂလိပ်စာတွေပဲလေ၊ ဘာကြောင့် မင်းအင်္ဂလိပ်စာ မတတ်ပဲ ဖုန်းကိုင်တတ်သလဲ၊ အဲသလိုပဲ မင်းကွန်ပျူတာသင်ချင်လျှင် ကွန်ပျူတာနဲ့ အရင်ရင်းနှီးအောင်လုပ်ပါ၊ ရင်းနှီးသွားပြီဆိုရင် မင်းသင်ရင်တတ်သွားလိမ့်မည်´´စသည်ဖြင့် စာရေးသူက အားပေးစကားအမြဲပြောပြသည်။
မည်သို့သောလုပ်ငန်းတွင်ဖြစ်စေ အတွေ့အကြုံက အရေးအကြီးပါသည်။ အတွေ့အထိ အတွေ့အကြုံရှိလျှင် မည်သို့သောလုပ်ငန်း၊ ပညာရပ်ပင်ဖြစ်စေ သင်လျှင်တတ်နိုင်မည်ဖြစ်၏။ ``အတွေ့အကြုံသည် အကောင်းဆုံးဆရာ´´ဟု ဆိုရိုးစကားရှိသကဲ့သို့ ဆရာကသင်ပေး၍ မိမိက မှတ်နိုင်သမျှ မှတ်ယူပြီး လက်တွေ့လေ့ကျင့်လျှင် အတွေ့အကြုံများလာသည်နှင့်အမျှ ထိုပညာရပ်ကို မိမိတတ်မြောက်မည်မှာ မလွဲပေ။ ထို့သို့ မေးလာသော ပုဂ္ဂိုလ်များအား မိမိက အကျိုးအကြောင်းပြောပြ၍ ကွန်ပျူတာနှင့်မရင်းနှီးသော ပုဂ္ဂိုလ်များအား ရင်းနှီးသွားအောင်၊ ရင်းနှီးပြီးလျှင် ကွန်ပျူတာ အသုံးပြုတတ်အောင် မိတ်ဆက်ပေးသည်၊ သင်ကြားပေးပါသည်။
အချုပ်ဆိုရသော် ၁၃.၄.၂၀၁၀ သည် မြန်မာနှစ်သစ်ကူး သင်္ကြန်အကြိုနေ့ဖြစ်ပါသည်။ ထိုသင်္ကြန်အကြိုနေ့တွင် အင်္ဂလိပ်စာလေ့လာနေသော သူများနှင့် ကွန်ပျူတာသင်ကြားနေသော သူများ၊ မြန်မာသင်ပုန်းကြီးသင်ကြားနေသော ကလေးငယ်များတို့က ကျောင်းသို့ရောက်လာပြီး ဆရာကန်တော့ပွဲကလေး လုပ်ကြသည်။ ထို့ကြောင့် ဓာတ်ပုံနှင့်တကွ အမှတ်တရဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်တွင် အားလုံးပျော်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

သားရွှေ

ရတနာစက္ကမြန်မာဗုဒ္ဓဘာသာစင်တာတွင်လည်း သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပမည်။

ရာသီဖျက်အိမ်



အလည်လာသူအတွက်

အချိန်မနှောင်းသေးပါဘူး

တိတ်တဆိတ်ပြန်သွားမှာကို

တိတ်တိတ်ကလေး စိုးရိမ်နေသူက ကိုယ်ပါ…….။


တကယ်ဆို လန်းလန်းဆန်းဆန်း

တပွင့်ပန်းဖြစ်သင့်တာပေါ့

ရာသီပိုးစားလို့

ဝေသင့်သလောက် မဝေဖြစ်ခဲ့တာက

ကံကြမ္မာလို့ ပြောရမလား။


ကံတရားကို ရိုးမယ်ဖွဲ့နေလို့

ဒီရာသီမပြောင်းလွဲနိုင်ပါဘူး

လုံးလမထူ၊ ဥာဏ်မကူပဲ

ဒီကံတရားက ခွန်အားရှိနိုင်ပါ့မလား။


ကျွန်တော် အိမ်ပြန်ချင်တာတောင်

မိုးက မလင်းနိုင်သေး

ဒီစိတ်ကူးတွေနဲ့

ည-ပျောက်ပေါင်းလည်း များပြီ။


အတွေးသစ်တွေစုပေါင်း

စည်းလုံးမှုချည်တိုင်မှာ

ညီညွှတ်ခြင်းကြိုးနဲ့

ရစ်ပတ်ထားမယ်ဆိုရင်

သံသရာ-ဒီလောက်မရှည်နိုင်ပါဘူး။


ရာသီမကောင်းတော့

လဲပြိုနေတဲ့ ဒီအိမ်ပျက်ကြီး

ပြုပြင်သူမဲ့နေတော့

ပင့်ကူတွေ မင်းမူလို့

ဘယ်အချိန် ပြန်လည်ဆောက်နိုင်မလဲ

ခြောက်ကပ်ကပ် မျှောက်လင့်ချက်တစ်ခု

ဝါးမျိုစားသောက်ရင်း…….

ဒီရာသီ မိုးကောင်းပါစေလို့ ဆုတောင်းနေမိတယ်။


သားရွှေ

မြန်မာ့ဒီမိုကရေစီ

မြန်မာနိုင်ငံဒီမိုကရေစီဘာကြောင့်မရသနည်း
ပြည်ပရောက်နိုင်ငံရေးသမားများအဖြေမှန်ထုတ်ပေးပါ
အဖြေမှန်ပါကကျေးဇူးဆပ်ပါမည်
04-31-2010နေ့ နောက်ဆုံးထားအဖြေမှန်ထုတ်ပေးပါရန်

့မြန်မာ့ဒီမိုကရေစီခရီးလမ်းကြမ်း

တနေ့ တလှမ်း ခရီးကြမ်းပါစေ
အချိန်ကြာလဲ ရောက်ရမယ်လေ
လူညီစမ်းဟေ့ တက်လှမ်းကာနေ
ကျိမ်းသေပေါက် မုချအောင်ရမလေ။

အနယ်ဒီက တိုက်ကွက်ဟာလေ
ပြည်သူတွေက လက်တွဲညီစေ
ဘယ်ပြေးမလဲ နအဖရေ
ပြည်သူက ထိုးနှက်ဒဏ်ချက်တွေ။
(သံပေါက်ကဗျာ)

တစ်ကြောင်းတည်းသောလမ်း


နိုင်ငံတကာ ထောက်ခံကြရင်ပ
ကုလားထိုင်ဖင်ကြွဖို့သာ ပြင်ပေတော့။
ဒီနယ်မှာ သင်မနေရပါဘူး
သွားဟဲ့ငရဲပြည်..............။

သမင်းလေးရဲ့ဦးချို

ဒို့ ဦးချိုကအလှမဟုတ်ပါ
ဘေးတွေ့ ရင်တိုက်ရန်တွက်
ဒို့ ဦးချိုကထွက်
ကြောက်လန့် လို့ တော့မဟုတ်ပေါင်
အရေးကြုံရင်ဆောင်
မယုံကြည်တဲ့ ငနဲ့သား
လာစမ်းကြည့်ပါလား.............။

အိပ်မက်ဆန်သောတွေးများ

ဒို့ ဖြစ်ချင်တာတွေက အမြောက်အများ
မဖြစ်လာတော့ သောကတွေကတအား
ဇနကမင်းသားလို ငါကြိုးစား
ဖြစ်ရမယ်လို့ ယုံကြည်ထား
ဇနကမင်းသားလိုဒို့ ကြီးပွါး
ဒါဟာဝိရိယရဲ့ခွန်အား။

နွံနစ် ဆန္ဒ



မပြောချင်ပါဘူး အတိတ်အကြောင်း
မကြားချင်ပါဘူး အနာဂတ်အကြောင်း
ငါလိုချင်တာ ပစ္စုပ္ပန်၊ ငါခိုနားရာ မျက်မှောက်ပါ
အရောင်မပြောင်းလွဲခင်၊ ငါလိုချင်တာ………ငြိမ်ဆေးတစ်ခွက်ပါ။

မိုင်ပေါင်းများစွာ ခရီးနှင်းပေမဲ့
လမ်းမပေါက် လမ်းစပျောက်နေတဲ့
ငါ့အဖြစ်ကို……..အမောပြေ ဆေးတစ်ခွက်
တိုက်လှည့်ပါ။

ပန်းတွေ ကြွေမသွားခင်
လန်းဆန်းခွင့် ခိုနားရာလေး….
အမှောင်မလာခင်
နေရာယူ အဆင့်သင့်လုပ်ပိုင်ခွင့်လေး……
ချည်တိုင်မဆွေးခင်…..ငါလိုချင်တာ အားဆေးတစ်ခွက်ပါ။

ဟောင်းနွမ်းနေတဲ့ ……..ဟို…..အိမ်ကြီး
ဘယ်ချိန်ပြန်လည်တည်ဆောက်နိုင်မလဲ
ငါ့အတွေးက တမျှော်တခေါ်
လှိုင်ထန်တဲ့ကြားထဲ
လှပတဲ့ ပွင့်ချပ်ကိုတော့
နမ်းခဲ့ချင်သား။

အိပ်မပျော်ဘဲ အိပ်မောကျနေတော့
နိုးရတာခက်သား
မောင်မင်းကြီးသား ကျန်းမာပါစေ။

သားရွှေ

ပြန်ငေးကြည့်လှည့်ပါ



သူငယ်ချင်း……
`` သွားပြီးတဲ့လမ်းကို နောက်ပြန်လှည့်ကြည့်သင်တာပေါ့၊ ကောင်းမကောင်းဆိုတာကိုလေ၊ တဇွတ်ထိုးဆန်တဲ့ စိတ်ကလေးကို အသာထိန်းထားရင်း ဖြစ်နိုင်တဲ့ လမ်းကြောင်းကို အရင်စဉ်းစားသင့်တယ်လေ၊ စဉ်းစားကြည့်ပြီးမှ အကောင်းဆုံးလမ်းကို ရွေးရမှာက ကိုယ့်တာဝန်တွေပဲ မဟုတ်ဘူးလား´´
ဘ၀ကတိုတောင်းတော့ နောက်ပြန်လှည့်ကြည့်ဖို့ အချိန်မရှိဘူးလို့ ပြောကြသူတွေလည်း ဒူးနဲ့ဒေးပါပဲ။ သွားပြီးသားလမ်းတစ်ခု၊ လုပ်ပြီးသား အလုပ်တစ်ခုစသည်ကို နောက်ပြန်ကြည့်ခြင်းဖြင့် သင်္ခန်းစာယူသင့်တာက အကောင်းဆုံးလုပ်ရပ်တစ်ခုပါ။ တစ်ခါတစ်လေ ကိုယ်ကမှန်သည်ဟု ယူဆနေရသော လုပ်ရပ်တစ်ခုသည် တစ်ဖက်ရှုထောင့်မှသော်လည်းကောင်း၊ ပတ်ဝန်းကျင်အမြင်မှသော်လည်းကောင်း မှားနေတတ်၏။ မိမိကိုယ်တိုင် ပြန်ကြည့်မိမှ မှားနေမှန်းသိတာကို တွေ့ရတတ်သည်။ ဤကဲသို့ ဖြစ်ခြင်းသည် နောက်မှရတဲ့ နောင်တဟု ဆိုနိုင်မည်လော။ အလုပ်တစ်ကို ပီပီပြင်ပြင်နဲ့ ပီပီရီရီရှိဖို့၊ လုပ်တတ်ဖို့တော့ လိုပါလိမ့်မည်။ မည်သည့်လုပ်ငန်းမဆို ပီပီပြင်ပြင်လုပ်နိုင်မည်ဆိုလျှင် ထိုလုပ်ငန်းသည် ဧကန်မုချ အောင်မြင်မည်မှာ အမှန်ဖြစ်၏။ ဤသည်မှလည်း ကိုယ့်ရည်မှန်ချက်အတိုင်း ထိထိရောက်ရောက် အောင်မြင်မှုကို ဆွတ်ခူးနိုင်မည်။ ထိုအောင်မြင်မှုအတွက် ဖြတ်လမ်းဆိုသည်မှ မရှိနိုင်ပေ။
မိမိဖြတ်သန်းမည့် လမ်းကြောင်းတစ်ခုအတွက် သတိထားရမည့်အချက်က--
၁။ လမ်းစဉ်မှန်၊ မမှန်၊
၂။ ပတ်ဝန်းကျင်ထိခိုက်၊ မထိခိုက်၊
၃။ မိမိအတွက်၊ လောကအတွက် တန်ဖိုးရှိ၊ မရှိစသည်တို့ကို သတိထားရမည်။ ဤလမ်းစဉ်များဖြင့် ကြိုးစားလျှင်၊ ဤလမ်းစဉ်အမှန်အတိုင်းလိုက်နာလျှင် ထိုလုပ်ရပ်သည် ကောင်းသော လုပ်ရပ်ဟု ဆိုရမည်ဖြစ်သည်။
လမ်းစဉ်မှန်၊ မမှန်ဟူသည်မှာ မိမိဘ၀အတွက် မှန်ကန်သော လမ်းကြောင်းဖြစ်၊ မဖြစ်။ ဒုက္ခရောက်နိုင်၊ မရောက်နိုင်။ ဘ၀အတွက် အောင်မြင်မှုရှိ၊ မရှိ။ မိမိလိုရာကို ရောက်နိုင်၊ မရောက်နိုင် ကြိုတင်စဉ်းစားရမည်။ အကယ်၍ မှန်ကန်သော လမ်းကြောင်းမဖြစ်၊ ဒုက္ခရောက်နိုင်၊ ဘ၀အတွက်အောင်မြင်မှုမရှိ၊ မိမိလိုရာကို မရောက်နိုင်လျှင် ရှောင်ရှားရမည်။ အဓိပ္ပါယ်မရှိဘဲ ထိုလမ်းစဉ်အတိုင်း လမ်းနေလျှင် အချိန်ကုန်၊ လူပန်းသာဖြစ်မည်။ ထို့ကြောင့် လမ်းစဉ်မှန်ကိုသာ ရွေးရမည်ဖြစ်သည်။
ပတ်ဝန်းကျင်ထိခိုက်၊ မထိခိုက်ဟူသည်မှာ မိမိလုပ်သော အလုပ်သည် ပန်ဝန်းကျင်ကို ထိခိုက်နေလျှင် မိမိသည် ကိုယ်ချင်းစာနာစိတ်မရှိရာကျမည်။ ပတ်ဝန်းကျင်ကို မထိခိုက်ဘဲ ပတ်ဝန်းကျင်မေတ္တာဓာတ်ကိုယူ၍ လုပ်သော အလုပ်သည်သာ အောင်မြင်နိုင်သည်။ ပတ်ဝန်းကျင်သည် သတိထားသင့်သော အရာတစ်ခုပင်ဖြစ်၏။ အားလုံးသော ပုဂ္ဂိုလ်သတ္တ၀ါများသည် ပတ်ဝန်းကျင်နှင့် မကင်းနိုင်ကြချေ၊ ပတ်ဝန်းကျင်ရှိမှ အသက်ရှင်သန်နိုင်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်မထိခိုက်သော အလုပ်ကို လုပ်ရမည်ဖြစ်သည်။
မိမိအတွက်၊ လောကအတွက် တန်ဖိုးရှိ၊ မရှိဟူသည်မှာ လုပ်ရပ်တစ်ခုသည် အဓိပ္ပါယ်မရှိ၊ မိမိအတွက်၊ လောကအတွက် တန်ဖိုးမရှိနိုင်လျှင် ထိုလုပ်ရပ်ကို ရှောင်ရှားရမည်။ အကယ်၍ မိမိအတွက် တန်ဖိုးမရှိသော်လည်း လောကအတွက် တန်ဖိုးရှိလျှင် ထိုလုပ်ရပ်သည် ကောင်းသောလုပ်ရပ်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် အကျိုးရှိ၊ တန်ဖိုးရှိသော လုပ်ရပ်ကို လုပ်ဖို့လိုပါသည်။ ``မသွားခင် အရင်ကြည့်၊ မခုန်ခင် အရင်ကြည်၊ နောက်ပြန်လှည့်ကြည့်ခဲ့ပါ၊ ထသွားပြန်ကြည့်´´ဟူသော စကားများကို ရှေးလူကြီးများ မကြာခဏ ဆုံးမခဲ့ခြင်းဖြစ်ပါသည်။
မိမိလုပ်ရပ်တစ်ခုကို ပြန်ငေးမကြည့်မိလျှင် ထိုလုပ်ရပ်၏ အကောင်းအဆိုးကို မသိနိုင်၊ ဝေခွဲနိုင်ပေ။ အမှန်အမှားကို မသိနိုင်ပေ။ လုပ်ရပ်တစ်ခုတွင် အကောင်းအဆိုး၊ အမှန်အမှားဟူသည် ရှိစမြဲဖြစ်၏။ ထိုအမှန်အမှား၊ အကောင်းအဆိုးကို နောက်ပြန်ငေးကြည့်ခြင်း၊ လှည့်ကြည့်ခြင်းဖြင့် ဖြေရှင်းရမည်ဖြစ်ပါသည်။ ဥပမာ- စာမေးပွဲတစ်ခု၏ ရလာဘ်ကို ပြန်လည်ကြည့်ခြင်းဖြင့် မိမိသည် မည်သည့်အချက် အားနည်းသည်ကို မိမိပြန်လည်သုံးသပ်နိုင်သကဲ့သို့ဖြစ်၏။ ``အမှားဟူသည် အမှန်၏ လမ်းစ၊ ကျရှုံးခြင်းသည် အောင်မြင်ခြင်း၏ လမ်းစ´´ဤစကားသည် နောက်ပြန်လှည့်ကြည့်မိရန် သတိပေး၊ တိုက်တွန်းထားသော စကားများဖြစ်ကြသည်။
နောက်ပြန်လှည့်ကြည့်ခြင်းဖြင့် မိမိ ဘယ်ချိန်အထိ မှားခဲ့သည်၊ ဘယ်လောက်ကြာကြာ မှားခဲ့သည်စသည်စသည်ကို ပြန်လည်သုံးသပ်နိုင်ပါသည်။ လုပ်ရပ်တစ်ခုသည် မှားနေသည်ဆိုသော်လည်း ထိုလုပ်ရပ်ကို မိမိသည် မည်ကဲ့သို့ နည်းလမ်းဖြင့် အမှန်ပြုပြင်နိုင်မည်ဟူသော အချက်ကို စဉ်းစားသင့်ပေသည်။ ``ပျက်အစဉ် ပြင်ခဏ´´ဟူသော စကားပုံသည်လည်း လုပ်ရပ်တစ်ခု၏ အမှားများကို ပတ်ဝန်းကျင်က မည်မျှခွင့်လွတ်နိုင်သည်၊ နားလည်မှုပေးနိုင်သည်တို့ကို ဖော်ဆောင်နေပါသည်။ ဘ၀တစ်သက်တာ မှားနေခဲ့သော်လည်း မိမိသိသော အချိန်တွင် ပြန်လည်ပြုပြင်၍ ကောင်းမွန်စွာနေထိုင်လျှင် ခဏအတွင်း ပြန်လည်ပြုပြင်ရာရောက်၏။ ထိုကဲ့သို့ ၀န်ခံကတိနှင့် ပြန်လည်ပြုပြင်လျှင် ပတ်ဝန်းကျင်သည် လက်မခံနိုင်စရာ အကြောင်းမရှိပေ။ လက်ခံနိုင်မည်သာဖြစ်၏။
ဘ၀သည်တိုတောင်း၏ အသက်တစ်ရာ မနေရသော်လည်း အမှုတစ်ရာတော့ ကြုံရမည်မှာမလွဲနိုင်ပေ။ အမှန်ရှိသကဲ့သို့ အမှားသည်လည်း ရှိနေမည်သာဖြစ်၏။ အကောင်းရှိသကဲ့သို့ အဆိုးသည်လည်း ရှိနေဦးမည်သာဖြစ်၏။ မည်သူမျှ ထိုအခြင်းအရာကို မရှောင်နိုင်ကြချေ။ ဘ၀တစ်ကွေ့မှာ ခလုတ်တစ်ချက်တော့ တိုက်မိမည်မှာ ဧကန်မလွဲပေ။ သံသရာတစ်လျှောက်လုံး မှားလာခဲ့သော ဒေ၀ဒတ်သည်ပင် မြေမျိုနေချိန် ဘုရားရှင်အား ၀န်ချတောင်ပန်ခြင်းဖြင့် အပြစ်ကိုဆေးနိုင်ခဲ့သေး၏။ ဘ၀တစ်ခုမှာ အမှားလုပ်မိသူအတွက်ကား အမှန်ကို ပြင်ဖို့ရန် မခဲရင်းနိုင်ပေ။ အမှားကို အမှားဟု သိသောအချိန်သည် အမှန်ကို မြင်နေသောအချိန်၊ အမှန်သို့ရောက်နေသော အချိန်ဟု ဆိုရမည်ဖြစ်ပါသည်။
အချုပ်အားဖြင့် အတိတ်အကြောင်းကို ပြန်လည်ငေးကြည့်ခြင်း၊ ပြန်လည်ငေးမောကြည့်ခြင်းတို့ဖြင့် ဘ၀ကို ပိုမို့ကောင်းမွန်အောင် တန်ဆာဆင်နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲနိုင်ပေ။ ထို့ကြောင့် လူတိုင်းလူတိုင်း မိမိဘ၀ကို နောက်ပြန်လှည့်ကြည့်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းများဖြင့် မိမိကောင်းကျိုး၊ သူတစ်ပါးကောင်းကျိုးများ ပြုနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

သားရွှေ