ဓမ္မိကာရာမ သာသနာ့ရိပ်သာ 2214, HWY, 54.W, chapel Hill, NC, 27516, 8861,USA

ဓမ္မိကာရာမ သာသနာ့ရိပ်သာ အမှတ်တရ ဓာတ်ပုံများ

သီတင်းကျွတ်ဆီမီးပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်



၁၃၇၁-ခုနှစ်၊ သီးတင်းကျွတ်လပြည့်နေ့တွင် ဇေယျဝတီမြန်မာဗုဒ္ဓဘာသာကျောင်း၌ ဆီမီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲကို ပြုလုပ်ကျင်းပခဲ့သည်။ မြန်မာနွယ်ဖွား ဓမ္မမိတ်ဆွေများ ကျောင်းသို့လာရောက်ပြီး စတုဒိသာကျွေးမွေးခံခြင်း၊ ဆီမီးပူဇော်ခြင်း၊ ဆွမ်းတော်ကြီးတင်လှူပွဲများ ပြုလုပ်ခဲ့ကြ၏။

ဇေယျဝတီမြန်မာဗုဒ္ဓဘာသာကျောင်း
ပန်တိုင်းရမစ်၊ မလေးရှားနိုင်ငံ
သီတင်းကျွတ်ဆီမီးပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်
အမှတ်တရဓာတ်ပုံများ






ပီယ၀ါစာ= ချစ်ဖွယ်သောစကား

လောကရှိ လူသားများသည် ပီယ၀ါစာ=ချစ်ဖွယ်သောစကားကိုဆိုခြင်း ဟူသော စကားကို ကျင့်သုံးသင့်၏။ ပီယ၀ါစာသည် အလွန်အရေးပါ အရာရောက်သော စကားဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ပထမဦးဆုံးတွေ့ဆုံသောအခါ ပုဗ္ဗ၀ါစာဟူသော ရှေ့ဦးစကားသည် ပီယ၀ါစာ=ချစ်ဖွယ်စကားဖြစ်သင့်၏။ ထိုသို့ ပီယ၀ါစာကို ပြောဆို၍ဆက်ဆံမှသာ တစ်ဦးတစ်ဦး ဆက်ဆံရာတွင် အဆင်ပြေ အစင်ချောမည်ဖြစ်၏။ ထို့ကြောင့် လောကရှိ လူသားများသည် ပီယ၀ါစာ= ချစ်ဖွယ်သော စကားကို ပြောဆိုဆက်ဆံသင့်၏။

တစ်ဦးနှင့်တစ်ဦး ပထမအကြိမ်တွေ့ဆုံရာ၌ ပုဗ္ဗ၀ါစာသည် ဖရုသ၀ါစာ=ရုန့်ရင်းကြမ်းတမ်းသော စကားဖြစ်လျှင် ပထမဦးဆုံး တွေ့ဆုံခြင်းသည် ကောင်းသော တွေ့ဆုံခြင်း ဖြစ်မည်မထင်ပေ။ မကောင်းသော တွေ့ဆုံခြင်းသာ ဖြစ်မည်ဖြစ်၏။ ..၀င်ဝင်ချင်း ဆောက်နှင့်ထွင်း…ဟူသော မြန်မာစကားပုံ ရှိသကဲ့သို့ဖြစ်၏။ ၀င်ဝင်ချင်း ဆောက်နှင့်ထွင်း..ဟူသော စကားသည် အလွန်လေးနက်သော စကားဖြစ်၏။ ဥပမာအားဖြင့် လုပ်ငန်းတစ်ခုကို ပထမဦးဆုံး လုပ်ကိုင်ရာ၌ သူဌေး သို့မဟုတ် အလုပ်ရှင်များက ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခြင်း၊ အလုပ်များကို ဖိနှိပ်စွာခိုင်းခြင်းများ ပြုလုပ်လျှင် အသစ်ဝင်လာသော ပုဂ္ဂိုလ်သည် အတွေ့အကြုံမရှိသော ကြောင့် သူတို့ ဆက်ဆံသောစကား၊ သူတို့ခိုင်းသော အလုပ်ကို ပြေလည်အောင် လုပ်ကိုင်နိုင်မည်မဟုတ်ပေ။ မလုပ်ကိုင်နိုင်သောအခါ ထိုသူသည် စိတ်ပျက်အားငယ်ပြီး ဆက်လက်လုပ်ချင်စိတ် ရှိမည်မဟုတ်။ ထိုသူသည် သူဌေး သို့မဟုတ် အလုပ်ရှင်များကိုပင် အကောင်းမြင်မည်မဟုတ်၊ အဆိုးမြင်သွားမည်ဖြစ်၏။ အဆိုးမြင်ခြင်းသည်လည် ကောင်းသော အရာမဟုတ်ပေ။ ထို့ကြောင့် ထိုသို့သော ပြုမူများကို ရှောင်ရှားသင့်၏။

လူမှုဆက်ဆံရေးတွင်လည်း ထို့အတူပင်ဖြစ်၏။ မိမိဆီသို့ရောက်လာသော သူများကို မိမိက ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံလျှင် ထိုသူများသည် မိမိဆီသို့ နောက်တစ်ခါ ရောက်လာမည်မဟုတ်ပေ။ ပီယ၀ါစာဟုခေါ်သော ချစ်ခင်ဖွယ်စကားကို ပြောဆိုပြီး ဆက်ဆံမှသာလျှင် ဆက်ဆံရေးသည် အဆင်ပြေပြီ ရေရှည်လက်တွဲနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းလူတိုင်း ချစ်ဖွယ်သော စကားကိုသာ ပြောဆိုသင့်၏။

လောကရှိ လူသားများသည် အရွယ်သုံးပါးလုံး၌ ချစ်ဖွယ်သော စကားကို ပြောဆို၍ လူမှုဆက်ဆံရေး ပြုလုပ်သင့်၏။ မိမိက အသက်ကြီးသည် မိမိဆီ ရောက်လာသော ဧည့်သည်ကား အသက်ငယ်သေး၏ ထိုသူကို မိမိသည် ကြမ်းတမ်းသောစကားဖြင့် ပြောဆိုဆက်ဆံသော်လည်း ထိုသူသည် မိမိကို လေးစားလိုက်မည်၊ လက်ခံလိုက်မည်ဟူ၍ တွေးပြီး မဆက်ဆံသင့်ပေ။ ပြောဆိုလိုက်သော ပုဂ္ဂိုလ်သည် ပြောပြီးလျှင် ပျောက်သွားသော်လည်း အပြောခံရသော ပုဂ္ဂိုလ်ကား မေ့ပျောက်နိုင်မည်မဟုတ်ပေ။ မိမိက အသက်ကြီးသော်လည်း ရောက်လာသော ဧည့်သည်ပရိသတ်တို့အား ချစ်ဖွယ်သော စကားကို ပြောဆိုခြင်းဖြင့် ဧည့်ခံခြင်းသည် အကောင်းဆုံး၊ ခွန်အားအရှိဆုံး ဆက်ဆံရေးဖြစ်၏။ ထို့ကြောင့် စာဖတ်သူများသည်လည်း ထိုပီယ၀ါစာကို မျက်ကွယ်မပြုသင့်ပေ။

မည်သို့သော ကိစ္စပင်ဖြစ်စေ ပီယ၀ါစာသည် အလွန်အရေးကြီး၏။ မြတ်စွာဘုရားရှင်သည်ပင် ဖရုသ၀ါစာကို မပြောကြားရန် ပြောဆိုဆုံးမခဲ့၏။ ဖရုသ၀ါစာဟူသော ကြမ်းတမ်းစွာပြောဆိုခြင်းကို မြတ်စွာဘုရားရှင်သည် ၀ါစီကံ အကုသိုလ် ဟု ဟောကြားခဲ့၏။ မိမိကိစ္စ၊ မိမိလုပ်ငန်စသည်များ လုံးဝပြည့်စုံ အောင်မြင်လိုလျှင် လောကရှိလူသားများသည် ပီယ၀ါစာကို ကျင့်သုံးသင့်၏။ ပီယ၀ါစာကို ကျင့်သုံးသော ပုဂ္ဂိုလ်တိုင်းသည် လောကတွင် မအောင်မြင်သူမရှိ၊ အမှန်ပင် အောင်မြင်ရမည်ဖြစ်၏။ အသက်ကြီးသော ရဟန်းသံဃာများ၊ လူပုဂ္ဂိုလ်များက ပြောဆိုဆုံးမ သြ၀ါဒပေးလျှင် “ကြမ်းတမ်းသောစကားကို မပြောဆိုကြပါနှင့်၊ ချစ်ဖွယ်သော စကားကိုသာ ပြောဆိုကြပါ“ဟု ဆုံးမလေ့ရှိ၏။ ပီယ၀ါစာသည် လောက၌ မည်မျှ အရေးကြီးသည် အရေးပါသည်ကို စာဖတ်သူများ သိသာနိုင်ပြီဖြစ်၏။ ကြမ်းတမ်းသော စကားကို ပြောဆိုဆက်ဆံလျှင် လူသာလျှင်မကြိုက်သည်မဟုတ် တိရိစ္ဆာန်များပင် မကြိုက်ကြပေ။

ထိုသို့ တိရိစ္ဆာန်များ ကြမ်းတမ်းသော စကားဆိုခြင်းကို မကြိုက်ကြလျှင် လောကရှိလူသားသည်ကား ဆိုဖွယ်မရှိချေ။ အမှန်ပင် မကြိုက်ကြမည်ဖြစ်၏။ ထိုကြောင့် ဖရုသ၀ါစာ-ကြမ်းတမ်းသောစကားကို ရှောင်ရှားနိုင်၍ ပီယ၀ါစာ=ချစ်ဖွယ်သော စကားကိုသာ ကျင့်သုံးသင့်ကြောင့် စာဖတ်သူများအား တိုက်တွန်းချင်၏။

အချုပ်ဆိုရသော် ပုဗ္ဗ၀ါစာဟု ခေါ်သော ရှေ့ဦးစကား၌ ပီယ၀ါစာ=ချစ်ဖွယ်သောစကား၊ ဖရုသ၀ါစာ=ကြမ်းတမ်းသော စကားဟူ၍ ပြောဆိုခြင်းနှစ်မျိုးအနက် လောကရှိလူသားများသည် ပီယ၀ါစာဟုခေါ်သော ချစ်ဖွယ်စကားကိုသာ ပြောဆို၍ ဆက်ဆံသင့်ကြောင့် ဖော်ပြလိုက်ရပါသည်

သားရွှေ

ရောဟိဏီမြစ်မှ ဖြတ်သန်းစီးဆင်းသွားသော ငြိမ်းချမ်းရေးစကားလုံးများ

``လောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်။ ရန်တုံ့မမူခြင်းဖြစ်သာလျင် ရန်ပြေငြိမ်းနိုင်ကုန်၏။ ဤသဘောကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။` ဓမ္မပဒ၊ယမက၀ဂ်၊ကာဠယက္ခိနီဝထ္ထု၊
ရေသည်လူသားတို့အတွက်လည်း လိုအပ်၏။ တိရိစ္ဆာန်တို့ အတွက်လည်း မရှိမဖြစ် ဖြစ်၏။ သစ်ပင်တို့အတွက်လည်း ကင်းကွာ၍ မရသောအရာ ဖြစ်၏။ ရေမရှိလျင် လူ, တိရိစ္ဆာန်, သစ်ပင်တို့သည် အသက်ရှင်ရပ်တည်ရန် စွမ်းနိုင်မည် မဟုတ်ချေ။ ထို့ကြောင့်လည်း ရေသည် လူ, တိရိစ္ဆာန်, သစ်ပင်တို့ကို စိုးမိုးအနိုင် ယူလျက် ရှိချေ၏။ ကမ္ဘာကြီးတွင် ရေထုသည် မြေထုထက် ပို၍များပြားပါ၏။ သို့သော် လူသားတို့ တိုက်ရိုက် အသုံးပြုနိုင်သောရေကား အလွန်နည်းလှချေ၏။ ထို့ကြောင့် ရေဖြင့် အသက်ရှင်နေထိုင်ကြရသော သတ္တ၀ါအရာဝတ္ထုတို့မှာ ရေအတွက် ငြင်းခုံကြရ၏။ ခိုက်ရန်ဖြစ်ကြရ၏။ တိုက်ခိုက်ကြရ၏။ အချို့ကား အသက်ကိုပင် စတေး၍ တိုက်ပွဲဝင်ကြရ၏။ မှန်၏။ အရာဝတ္ထုတစ်ခုသည် အသုံးမ၀င်ပါက ယင်းကို အမှီပြု၍ သက်ရှိသက်မဲ့တို့သည် ပြဿနာကို ပေါက်ဖွားစေကြမည် ကြီးထွားစေကြမည် မဟုတ်ချေ။ သို့သော် အရာဝတ္ထု တစ်ခု သည် အသုံးဝင်သည်ဆိုပါက ထိုအသုံးဝင်မှုကြောင့်ပင် ယင်းကို အကြောင်းပြုကာ သက်ရှိသက်မဲ့တို့သည် မလိုလားအပ်သောပြဿနာကို ဖန်တီးကြ၏။ ဤ၌ သက်ရှိသက်မဲ့တို့ အတွက် ရေသည် အသုံးဝင်သောအရာဟု ဆိုပါလျင်…….
ရောဟိဏီမြစ်သည် ကောလိယနှင့်ကပိလ၀တ်ပြည်တို့၏အကြားတွင် တည်ရှိသောမြစ်ဖြစ်၏။ မြစ်တို့၏ သဘာဝအရ ဤမြစ်ရေတို့သည် ငြိမ်းချမ်း စွာဖြင့်ပင် တသွင်သွင်စီးဆင်း၍ နေပါ၏။ ထိုမြစ်ရေသည် ပူလောင်သူတို့ ရေချိုးပါက အေးမြ၏။ ဆာလောင်သူတို့ သောက်သုံးပါက အမောကို ပြေစေ၏။ ညစ်နွမ်းသူတို့ ဆေးကြောပါက သန့်ရှင်းစေ၏။ စိုက်ပျိုးရေအဖြစ် အသုံးပြုပါက အပင်တို့အား အသက်ရှင်ကြီးထွားမှုကို ပေး၏။ သို့ဖြစ်၍ ဤမြစ်ရေသည် လူ၊ တိရိစ္ဆာန်နှင့် သစ်ပင်ပန်းမာန်တို့ကို အကျိုးပြုလျက် ရှိ၍ နေပါ၏။ ထို့ကြောင့် လည်း ဤမြစ်ရေကို အားကိုးကြ၊ အလေးထားကြ၊ မြတ်နိုးတန်ဖိုးထားကြခြင်း ဖြစ်ပါ၏။ လောက၌ အားကိုးမှုများ (သို့တည်းမဟုတ်) အလေးထားမှုများကြောင့် ထိုအားကိုးခံ အလေးထားခံ အရာများသည် အားကိုးသော အလေးထားသော ပုဂ္ဂိုလ် အရာဝတ္ထုတို့ထံသို့ ဘေးအန္တရာယ်အသွင်ဖြင့် ရံခါ ၀င်ရောက်လာတတ်၏။ ဤသည်ကိုပင် ဒေသနာတော်များ၌ ``ဇာတံ သရဏတော ဘယံ - အားကိုးမှု အလေးထားမှုများကြောင့် ဘေးသည် ကျရောက်လာတတ်၏” ဟုဆိုထားခြင်း ဖြစ်၏။
ယခုလည်း ကောလိယနှင့် ကပိလ၀တ်တို့သည် ရောဟိဏီမြစ်ရေကို အားကိုးကြ၏။ ထိုသို့ လူသားတို့ အားကိုးကြသော ဤမြစ်ရေသည် အားကိုး သော အလေးထားသော လူသားတို့အား တစ်ဖက်နှင့်တစ်ဖက် တိုက်ပွဲဝင်ရန် အသင့်အနေထား ဖြင့် တစ်ဖန်ပြန်လည်၍ ခြိမ်းခြောက်လာ၏။ အေးမြသော ဤ မြစ်ရေသည်၊ ငြိမ်းချမ်းသော ဤမြစ်ရေသည်၊ သန့်စင်သော ဤမြစ်ရေသည် နှစ်ပြည်ထောင်ပြည်သူပြည်သားတို့၏ အဇ္ဈတ္တသန္တာန်၌ ဆာလောင်နေသော လောဘ၀မ်းကို မဖြည်းဆည်းပေးနိုင်တော့။ ပူလောင်နေသော ဒေါသမီးကို မအေးမြစေနိုင်တော့။ ညစ်နွမ်းနေသော မောဟအညစ်အကြေးကို မသန့်ရှင်း စေနိုင်တော့။ လူသားတို့၏ သန္တာန်မှာ လောဘမီး တို့ကလည်း ဆူပွက်၊ ဒေါသမီးတို့ကလည်း ပေါက်ကွဲ၍ မောဟမီးတို့ကလည်း လောင်မြိုက်၍သာ နေကြတော့၏။
ဤသို့ဆိုလျင် အသုံးဝင်ပါသည် အကျိုးပြုပါသည်ဟုဆိုသော ဤမြစ်ရေ သည် ယခုအခါမှာတော့ အသုံးဝင်မှု အကျိုးပြုမှု မပေးနိုင်ရုံမျှမက သက်ရှိ လောကနှင့် သက်မဲ့လောကတို့အား ဆုတ်ယုတ်ပျက်ပြားစေရန်ပင် ဘေးရန် အန္တရာယ်အသွင်ဖြငြ့်ခိမ်းခြောက်နေ၏။ အေးမြခြင်းသဘောတရားမှ သွေဖည်း သွားခဲ့၏။ ငြိမ်းချမ်းခြင်းသဘောမှ မျက်ကွယ်ပြုခဲ့၏။ အမှန်အားဖြင့် ရေသည် မီး၏ဆန့်ကျင်ဘက် ဖြစ်၏။ ရေများရေနိုင် မီးများမီးနိုင်ဟု ဆိုထားသည် မဟုတ်ပါလော့။ ယခု မီးသည် ရေထက် သာလွန်သွားပြီ ဖြစ်၏။ သို့သော် ယင်းမီး ကား လောဘ, ဒေါသ, မောဟဟူသော မီးတို့တည်း။ ရောဟိဏီမြစ်ရေသည် ဤမီးတို့ကို မအေးမြစေနိုင်၊ မငြိမ်းသက်စေနိုင်တော့။ ပကတိမြစ်ရေတို့ဟူသည် ပကတိမီးကိုသာ အေးမြစေနိုင်၊ ငြိမ်းသက်စေနိုင်စွမ်းရှိကြ၏။ လူသားတို့သန္တာန်၌ ပေါက်ဖွားလာသော လောဘ, ဒေါသ, မောဟမီးတို့ကိုကား အေးမြရန်၊ ငြိမ်းသက်ရန် စွမ်းနိုင်ကြမည် မဟုတ်ချေ။ ထို့ကြောင့်လည်း လူသားတို့၏ သန္တာန်မှပေါက်ဖွားလာသော လောဘ, ဒေါသ, မောဟမီးတို့ကို ပေါက်ဖွားလာသူ လူသားတို့ကိုယ်တိုင်ပင် ငြိမ်းသက်မှ အေးငြိမ်းမည် ဖြစ်သည့်အကြောင်းကို ``ရေကြောင့် ဖြစ်ပေါ်လာသော ရွှံညွန်ုကို ရေဖြင့် ဆေးကြောစင်ကြယ်ရသကဲ့သို့ စိတ်ကြောင့် ဖြစ်ပေါ်လာသော လောဘ, ဒေါသ, မောဟ-ဟူသော စိတ်အညစ် အကြေးတို့ကို စိတ်ဖြင့်ပင် ဆေးကြောစင်ကြယ်စေကြရမည်´’ ဟု ပါဠိတော်များ၌ တွေ့ရှိကြရခြင်း ဖြစ်၏။
ဤပြဿနာကို စတင်ဖန်တီးသူများကား ကောလိယနှင့် ကပိလ၀တ်မှ လယ်သမားများဖြစ်၏။ တစ်ဖက်ကလည်း မြစ်ရေကို သူတို့ဖက်သို့ သွင်းယူစိုက် ပျိုးမှသာလျှင် ကောက်စပါးပင်တို့ အသက်ရှင်သန်ခွင့် ရကြမည်ဟုဆို၏။ အခြားတစ်ဖက်ကလည်း မြစ်ရေကို သူတို့ဖက်က သုံးစွဲခြင်းဖြင့်သာ ကောက်စပါးပင်တို့ ရှင်သန်ခွင့် ရကြမည်ဟုဆို၏။ ဤသို့ဖြင့် သူ့ဖက်ကိုယ့်ဖက် ရေတစ်စက်မျှ အပါမခံကြဘဲ ငြင်းခုံကြယင်း အဝေမတည့်ကြတော့။ ထိုအခါ လယ်သမားများသာမက သူတို့၏ မိသားစုများလည်း ပါလာ၏။ သူတို့၏ ဆွေးမျိုးအသိုင်း အ၀ိုင်းများလည်း စွက်ဖက်လာ၏။ သူတို့ကို အုပ်ချုပ်သည့် လူတန်းစားများလည် မနေနိုင်တော့။ သို့ဖြစ်၍ မိသားစု တစ်စုမှသည် ရွာတစ်ရွာ၊ ရွာမှသည် နိဂုံးသို့ ကူးဆက်လာ၏။ နိဂုံးမှသည် မြို့ငယ်သို့၊ မြို့ငယ်မှသည် မြိုကြီးသို့ ပျံ့နှံ့လာ၏။ မြို့ကြီးမှသည် မင်းနေပြည်တော်တိုင်အောင် ပေါက် ကြားလာ၏။ ဤသို့ဖြင့် လယ်သမားတို့ထံမှ ပေါက်ဖွားလာသော မီးစလေး တစ်ပွင့်သည် ပြည်လုံးကျွတ်တိုင်အောင် သောသောညံ၍ တစ်စတစ်စ ကူးဆက်ကာ လောင်မြိုက်လာခဲ့၏။ ဖြစ်ထိုက်ပါပေ၏။ မိဘ,ဆွေမျိုး, အုပ်ချုပ်သူ လူတန်းစား ဤသူတို့သည် ဆက်စပ်နေကြသည်မဟုတ်ပါလား။ ဤသို့သော အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး စုစုစည်းစည်းဖြင့် တိုက်ပွဲဝင်ရန် အသင့်အနေ အထားဖြစ်နေသည်ကို လောကီအမြင်ဖြင့်ကား မျိုးချစ်စိတ်ဓာတ် ပြင်းထန် သည်ဟု ဆိုလိုပါက ဆိုလိုနိုင်ပါပေ၏။ ဤသည်ကိုပင် သွေးသည်ရေထက် ပြစ်၏ဟု ဆိုထားကြခြင်း ဖြစ်ပေလိမ့်မည်။
မည်သို့ဆိုစေကာမူ ကောလိယနှင့် ကပိလ၀တ်ပြည်သူ ပြည်သားတို့အဖို့ ဤရောဟိဏီမြစ်ရေကိုသာ စစ်မှန်သော အားကိုးအားထားမှုကို အပြုခံနိုင်သော အရာများဟု နားလည်လက်ခံထားကြ၏။ သို့အတွက်ကြောင့်လည်း ဤမြစ်ရေ အတွက် ငြင်းခုံရန် ၀န်မလေးကြ။ တိုက်ခိုက်ရန် မတွန့်ဆုတ်ကြ။ နောက်ဆုံး အနေနှင့် အသက်ကိုစတေးရန်ပင် သူတို့ဘ၀ကို စွန့်လွှတ်ထားပြီး ဖြစ်ကြ၏။ ``အမုန်းတရားဖြင့် အမုန်းတရားကို မငြိမ်းအေးနိုင်။ အေးချမ်းမှုဖြင့်သာလျင် မငြိမ်းချမ်းမှုကို အေးမြစေနိုင်၏´´ဟု ကောလိယနှင့်ကပိလ၀တ် ပြည်သူပြည် သားတို့ နားမလည်ကြ။ လက်မခံလိုကြ။
ဘုရားရှင်တို့မည်သည် နေ့စဉ် မိုးသောက်သောအခါ ကယ်ချွတ်ရမည့် သတ္တ၀ါတို့အတွက် သတ္တလောကကို ကြည့်မြဲ ဖြစ်၏။ ထို့အခါ ကျွတ်ထိုက် သောသတ္တ၀ါတို့သည် ဗုဒ္ဓ၏ ဉာဏ်ကွန်ယက်အတွင်း လာ၍ထင်မြဲ ဖြစ်၏။ ဤယနေ့ မိုးသောက်၌လည်း ဗုဒ္ဓသည် ပြုနေကြအတိုင်း သတ္တလောကကို ကြည့်ရူတော်မူခဲ့၏။ ထိုအခါ ကပိလ၀တ်ပြည်သား မိမိ၏ ဆွေတော်မျိုးတော် များနှင့်တကွ ကောလိယပြည်သားတို့၏ ဖြစ်လတ္တံသော စစ်မီးကို မိမိ၏ ဉာဏ်ကွန်ယက်အတွင်း လာ၍ ထင်ခဲ့၏။ ဤမီးကို ငြိမ်းနိုင် မငြိမ်းနိုင် ဆက်လက်၍ ဆင်ခြင်သည့်အခါမှာတော့ ငြိမ်းသတ်နိုင်မည့်အရေးနှင့် နောက်ဆက်တွဲ ကောင်းကျိုးတို့ကိုပါ မြင်တော်မူခဲ့ပေ၏။ ထို့ကြောင့် ထိုနေ့ ညနေချမ်းအခါမှာ တစ်ပါးတည်း ကျောင်းတော်မှ ထွက်တော်မူ၍ နှစ်ပြည်ထောင် စစ်သည်တို့၏အကြား ကောင်ကင်ယံမှာ ထက်ဝယ်ဖွဲခွေ တည်နေတော်မူ၏။ ထိုနှင့်တစ်ဆက်တည်းဖြင့် ၀န်းကျင်တစ်ခုလုံး အမိုက်တိုက်ကို ဖြစ်စေပြီး ရောင်ခြည်တော်များ ကွန်မြူးစေလျက် ကိုယ်ထင်ရှား ပြတော်မှုခဲ့၏။
ယင်းအခိုက် တခဏချင်းအတွင်းမှာပင် အဖြစ်အပျက်တို့သည် ပြောင်း ပြန်ဖြစ်ကုန်၏။ နှစ်ဖက်စစ်သည်တို့၏ လက်နက်တို့သည် မြေပေါ်သို့ ၀ပ်ဆင်းကုန်၏။ စစ်သည်စစ်သားတို့၏ အသံတို့သည် တိတ်ဆိတ်ကုန်၏။ လှုပ်ရှားမှုမှန်သမျှတို့သည် ရပ်တံ့ကုန်၏။ ၀န်းကျင်တစ်ခုလုံးသည် အပ်ကျသံပင် မကြားရတော့။ မှန်၏။ နှစ်ပြည်ထောင်သားတို့သည် အမိုက်တိုက်ကို ဖြိုခွင်း လာသော သဗ္ဗညူတဉာဏ်ရှင်ကို တွေ့မြင်ရသောအခါမှာတော့ သူတို့၏ ပူလောင်မှုများသည် တဒင်္ဂငြိမ်းအေးကုန်၏။ ဆာလောင်မှုများသည် ပစ္စုပ္ပန် အခိုက်အတန့်၌ သူတို့၏သန္တာန်မှ ကင်းဝေးကုန်၏။ အမိုက်မှောင် ဖုံးလွှမ်း နေသော အသိဉာဏ်တို့သည် တခဏအတွင်း လင်းလက်ကုန်၏။ သို့ဆိုလျင် သူတို့သည် ရောင်ခြည်သမ်းလာသော အငြိမ်းဓာတ်၏အောက်သို့ ရောက်ရှိနေ ပြီဖြစ်၏။
ရောင်ခြည်သမ်းလာသော ထိုအငြိမ်းဓာတ်သည်ပင် သူတို့အား အေးမြ မှုကို ပေးလျင်၊ မွတ်သိပ်မှုကို ပြေစေလျင် ရောင်ခြည်သမ်းလာသော ထိုအငြိမ်း ဓာတ်၏ ဖန်တီးရှင်သည် ပူလောင်မှု မရှိသူ၊ ဆာလောင်မှုမှ ကင်းသူ၊ အလင်း ကိုရသူသာ ဖြစ်ရမည်ဖြစ်၏။ သို့မှသာ ယင်းမှဖြာကျလာသော အငြိမ်း ဓာတ်တို့သည်လည်း အေးမြမည်ဖြစ်၏။ ဒေသနာတော်များ၌ ဆိုထားသော `‘မိမိကိုယ်တိုင် ပထမဦးစွာ အငြိမ်းဓာတ်ကို ရပြီးသူ ဖြစ်ရမည်။ မိမိကိုယ်တိုင် အငြိမ်းဓာတ်ကို ရပြီးမှသာ တစ်ပါးသူတို့အား အငြိမ်းဓာတ်ကို ပေးရမည်။´´ ဟူသော စကားသည် အထက်ပါ အငြိမ်းဓာတ်ပိုင်ရှင်အား ထောက်ခံလျက် ရှိပေ၏။ ဤ၌ သူတို့ထံသို့ ကျရောက်လာသော အငြိမ်းဓာတ် ဖန်တီးရှင်သည် လောကသုံးပါးမှာ အေးမြမှုနှင့် ပတ်သက်၍ ပြောရန်မရှိ။ အေးမြ သောပုဂ္ဂိုလ်တို့ တွင် အအေးမြဆုံးသောပုဂ္ဂိုလ်သာဖြစ်၏။ ဆာလောင်မှု ကင်းသည်နှင့် ပတ်သက်၍ ပြောရန်အကြောင်းမရှိ။ ဆာလောင်မှု ကင်းသောာပုဂ္ဂိုလ်တို့တွင် ဆာလောင်မှု အကင်းဆုံးသော ပုဂ္ဂိုလ်သာ ဖြစ်၏။ ထို့အတူ ကြည်လင်ခြင်းနှင့် ဆက်စပ်၍ သိရန်မလို။ ကြည်လင်းပါသည်ဟုဆိုသော ပုဂ္ဂိုလ်တို့တွင် အကြည်လင်းဆုံးသော ပုဂ္ဂိုလ်သာ ဖြစ်လေ၏။ သို့အတွက်ကြောင့်လည်း သူတို့သည် စစ်မှန်သော ရောင်ခြည်သမ်းလာသည့် အငြိမ်းဓာတ်၏အောက်၌ စစ်မှန်သော အငြိမ်းဓာတ်၏ အေးမြမှုကို ရရှိနေခြင်းဖြစ်ပေ၏။
ထို့နောက်မှာတော့ ဗုဒ္ဓမြတ်စွာသည် ကောင်းကင်မှ သက်ဆင်းကာ သဲစု၌ ခင်းအပ်သော မြင့်မြတ်သောနေရာ၌ သီးတင်းသုံးတော်မူလာ၏။ ယင်းသို့ သီးတင်းသုံးတော်မူပြီး နောက်ဝယ် နှစ်ပြည်ထောင်သားတို့အား…….
- အဘယ်ကို မှီ၍ ခိုက်ရန်ဖြစ်ကြကုန်သနည်း?
ရေကိုမှီ၍ ခိုက်ရန်ဖြစ်ကြပါကုန်၏။
- ရေသည်အဘယ်မျှလောက် အဖိုးထိုက်ပါသနည်း?
နည်းသောအဖိုးထိုက်ပါ၏။
- မြေသည် အဘယ်မျှ အဖိုးထိုက်ပါသနည်း?
မြေသည် အဖိုးအတိုင်းမသိ ထိုက်ပါ၏။
- မင်းတို့သည် အဖိုးအဘယ်မျှ ထိုက်ကုန်သနည်း?
မင်းတို့သည်ကား အဖိုးအတိုင်းမသိ ထိုက်တန်ပါကုန်၏။
- အဘယ်ကြောင့် အဖိုးမထိုက်သောရေကို အမှီပြု၍ အဖိုးများစွာထိုက်သော မင်းတို့ကို ဖျက်ဆီးကုန်ဘိသနည်း။ ခိုက်ရန်ဖြစ်ခြင်း၌ စိတ်ချမ်းသာခြင်းမည်သည် မရှိ-ဟု အမေးအဖြေများ ပြုတော်မူလျက် မိန့်ကြားတော်မူခဲ့ပါ၏။
သို့ဖြင့် မြတ်ဗုဒ္ဓသည် လောက၌ တန်ဖိုးရှိပါသည်ဟုဆိုသော အရာ တို့တွင် လူဘ၀၏အသက်ရှင်နေထိုင်ခွင့်ရရှိမှုသည် မည်သည့်တန်ဖိုးနှင့်မျှ နှိုင်းယှဉ်၍မရနိုင်ကြောင်းကို အမေးအဖြေ အဆင့်အဆင့်ဖြင့် လူသား၏တန်ဖိုး ကို မြှင့်တင်ခဲ့ပါ၏။
ထို့နောက် ဆက်လက်ကာဖြင့်----
ယံ ပုဗ္ဗေ တံ ၀ိသောဓေတိ၊ ပစ္ဆာ တေ မာဟု ကိဉ္စနံ၊
မဇ္စျေ နော ဂဟေဿတိ၊ ဥပသန္တော စရိဿတိ။
အို-- ခိုက်ရန်ဖြစ်နေကြသူအပေါင်းတို့--
ရှေးကဖြစ်ခဲ့ကြပြီးသော အချင်းချင်းခိုက်ရန်ဖြစ်ပွါးမှုများကို သင်ပုန်းချေပြီး ဖြစ်ကြမယ် ဆိုလျှင်---
နောင်ဖြစ်သောအနာဂတ်ကာလမှာ အချင်းချင်းခိုက်ရန် ဖြစ်ပွါးမှုများကို အသစ်တစ်ဖန်ပြန်လည်၍ မဖြစ်ပွါးစေကြဘူး ဆိုလျှင်--
ယခုမျက်မှောက် ပစ္စုပန်အချိန်မှာလည်း အချင်းချင်းခိုက်ရန် ဖြစ်ပွါးမှုများကို လက်သင့်မခံ ပယ်လှန်ရှောင်ရှာကြမယ် ဆိုလျှင်---
သင်တို့သည် ငြိမ်းချမ်းစွာဖြင့် ကျင်လည်ကျက်စား သွားလာနေထိုင်ကြရ ပေလိမ့်မည် -
ဟု မိန့်တော်မူပြန်ပါ၏။
ကောလိယနှင့်ကပိလ၀တ်တို့ တာစူးနေသောအရာကား စစ်မီးလျံ တို့တည်း။စစ်မီးလျံတို့သည် ရေကိုအကြောင်းပြု၍ဖြစ်ပေါ်လာခဲ့၏။ သို့သော် ဤအခါမှာတော့ ရေသည်အဓိကမဟုတ်တော့။ မိမိ၏အတ္တ, မိမိ၏မိသားစု, မိမိ၏ဆွေးမျိုး, မိမိ၏အုပ်ချုပ်သူ, မိမိ၏တိုင်းသူပြည်သား, မိမိတို့၏နယ်ပယ် ဒေသ ဤအရာတို့သည် ရောဟိဏီမြစ်ရေအပေါ် ဖုံးအုပ်သွားတော့၏။ရေသည် ဤအရာတို့၏ ဖုံးကွယ်မှုအောက်၌ ပျောက်ကွယ်လုမတတ် ဖြစ်သွားတော့၏။ မြတ်ဗုဒ္ဓ၏ ဤမိန့်တော်မူချက်၏ နောက်၌ကား နှစ်ပြည်ထောင်သားတို့သည် အားကိုးထိုက်အလေးထားထိုက်သောအရာကို တွေ့မြင်လာခဲ့၏။ အငြိမ်းဓာတ် အစစ်အမှန်တို့၏ သဘောသဘာဝကို ရှာတွေ့ခဲ့၏။ အငြိမ်းဓာတ်ပိုင်ရှင်တို့၌ ရှိသင့်ရှိထိုက်သည့် အနေအထားတို့ကို နားလည်လာခဲ့၏။
မှန်၏။ အေးမြခြင်း၊ ငြိမ်းချမ်းခြင်း၊ မပူလောင်ခြင်း၊ မဆာလောင်ခြင်း၊ စင်ကြယ်ခြင်း၊ မြင့်မြတ်ခြင်း ဤသည်တို့သည် စစ်မှန်သော အငြိမ်းဓာတ်မှ ရရှိလာသော အကျိုးကျေးဇူးများသာဖြစ်၏။ လောက၌ ဤအငြိမ်းဓာတ်မျိုးကို ပေးနိုင်၊ ဝှေငှနိုင်သူမှာလည်း သူကိုယ်တိုင်သည် အစဉ် အေးမြနေသူဖြစ်၏။ ငြိမ်းချမ်းနေသူဖြစ်၏။ ပူလောင်မှုတို့ စိုးစဉ်းမျှ မရှိသူ ဖြစ်၏။ မွတ်သိပ်မှုတို့မှ ထာဝရ ကင်းသူဖြစ်၏။ ညစ်နွမ်းမှုတို့မှ အမှန်တကယ် သန့်စင်ပြီးသူ ဖြစ်၏။ သို့ဖြစ်၍ အငြိမ်းဓာတ်တို့၏သဘာဝနှင့် အငြိမ်းဓာတ်ပိုင်ရှင်သည် တစ်ထပ် တည်း တစ်သားတည်း ဖြစ်နေရမည်ဖြစ်၏။ သို့ဆိုပါက ဖော်ပြပါ အချက်များနှင့် ညီညွတ်ပြည့်စုံနေသူမှာ လောက၌…..မှတစ်ပါး အခြားမရှိချေ။ ထိုသူကား လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် မြတ်ဗုဒ္ဓပင်တည်း။
ဤသို့ဆိုလျှင် မိမိ၏ရွာ၊ မိမိ၏မြို့၊ မိမိ၏တိုင်းနိုင်ငံ၊ မိမိတို့၏ကမ္ဘာကြီးအား အေးချမ်းမှုကို ပေးနိုင်ရန် ကြိုးစား အဖြေရှာနေကြသော ပုဂ္ဂိုလ်တို့အတွက်၊ သို့မဟုတ် ငြိမ်းချမ်းရေးကို တည်ဆောက်လိုသော ပုဂ္ဂိုလ်တို့အတွက်၊ ထို့ထက် တစ်ဆင့်တက်၍ ဆိုရပါမူ စစ်မှန်သော အငြိမ်းဓာတ်ကို ပေးဝေလိုသူတို့အတွက် တစ်ခုသော အတိုင်းအတာအထိ …………
ထို့နောက်မှာတော့ ကောလိယနှင့်ကပိလ၀တ်ပြည်ကြားရှိ ရောဟိဏီမြစ်သည် သွေးစီးသောရေတို့မဟုတ်ဘဲ ပကတိကြည်လင် အေးမြသော ရေတို့ဖြင့် တသွင်သွင်စီးဆင်းလျက် ……………….။ ။


စာသင်သား(ပြန်လည်ခံစားခြင်း)